
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့တွင် မတ်လ ၂၈ ရက် နေ့လည် ၁ နာရီဝန်းကျင်က အင်အားပြင်းထန်သည့် ငလျင်အနည်းဆုံး ၂ ကြိမ် လှုပ်ခတ်သွားကြောင်း ဒေသခံများ ထံမှသိရသည်။
ငလျင်သည် ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ စစ်ကိုင်း ၊ အောင်ပန်း ၊ ပဲခူး ၊ ကလေး ၊ မကွေး ၊ ကျောက်ဆည်၊ မူဆယ် ၊ ယင်းမာပင် စသည့် မြို့များတွင် လှုပ်ခတ်သွားခြင်းဖြစ်သည်။ ထို့အပြင် နေရာအနှံ့အပြားမှာ ဖုန်းလိုင်းများလည်း ပြတ်တောက်လျက်ရှိသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်နေသည့် ကရင်နီပြည်နယ်တွင်လည်း ငလျင်လှုပ်သွားကြောင်း ဒေသခံအချို့ကဆိုသည်။
မန္တလေးနှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတား ၂ စင်းအနက် တံတားဟောင်းမှာ ပြိုကျသွားကြောင်း Facebook လူမှုကွန်ရက်တွင် တက်လာသည့် ဓာတ်ပုံအချို့အရသိရသည်။
မန္တလေးမြို့တွင် အထပ်မြင့်တိုက်အချို့ပြိုကျသွားပြီ မန္တလေးနန်းမြို့ရိုးအချို့နေရာများ ပြိုကျသွားကြောင်း ဒေသခံအချို့ကဆိုသည်။
ကလေးမြို့ဒေသခံတစ်ဦးကလည်း “၁၂ နာရီ ၅၃၊ ၅၄ ဝန်းကျင်မှာလှုပ်တာ။ ခေါင်းတော့တော်တော်မူးသွားတယ်။ နည်းနည်းလေးတော့ ကြမ်းတယ်။ အများဆုံးတစ်မိနစ်လောက်ပဲရှိမှာ လှုပ်တာ” ဟု ဆိုသည်။

Photo Credit – Khaing Zar Thin Facebook
မန္တလေးမြို့အတွင်းမှာလည်း ငလျင်ဒဏ်ကြောင့် နေအိမ်အချို့ ပြိုကျပျက်စီးမှုများရှိကာ အပျက်အစီးများအကြား ပိတ်မိနေသူများလည်း ရှိသည်ဟု မြို့ခံ တစ်ဦးက ပြောသည်။ ထို့အပြင် နာမည်ကျော် ဦးပိန်တံတား၊ ကျောက်တော်ကြီးဘုရားတို့ဘက်အတွင်လည်း ပြိုကျပျက်စီးက သေဆုံးသူများလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။ သို့သော် အသေးစိတ်အခြေနေကို စုံစမ်းနိုင်ခြင်းမရှိသေးပေ။
ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့တွင် နေထိုင်သူတစ်ဦးကလည်း ရုတ်တရက်အရှိန်ပြင်းပြင်း ငလျင်လှုပ်လာသဖြင့် တိုက်ပေါ်မှ ဖိနပ်ပင်မယူနိုင်ဘဲ ဆင်းပြေးခဲ့ရကြောင်းဆိုသည်။
ယနေ့ မွန်းလွဲ ၁ နာရီခန့်က လှုပ်ခတ်သည့် အင်အားပြင်းငလျှင်ကြောင့် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ နေအိမ်အချို့ ပျက်စီးသွားပြီး အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု သာကေတ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကားလမ်းပေါ်ကာ ကားတွေ အကုန်ရပ်ထားရတာ၊ အဲဒီဆိုင်ကယ်က အရှိန်မလျော့ဘဲမောင်းလာတာ အရမ်းလှုပ်တဲ့အချိန်ဆိုတော့ လမ်းဘေး ထိုးဆင်းသွားတာ ဆိုင်ကယ်လဲတော့ (အဆိုပါအမျိုးသား)သူက ခေါင်းနဲ့ ကျတာ သတိပါ ခဏမေ့သွားတယ် မနည်း ပြန်ပြီး နှာနှပ်ယူထားရတာ” ကူညီပေးခဲ့သည့် အဆိုပါ မြို့ခံ အမျိုးသားက ပြောသည်။
ငလျှင်လှုပ်ခတ်နေစဉ်အတွင်း ၎င်းတို့ နေအိမ်အတွင်းရှိ ပစ္စည်းအချို့ ပျက်စီးသွားပြီး၊ မိသားစုအားလုံး အိမ်ပြင်ထွက်နေကြရသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“အကုန်ထွက်ကြတာ လမ်းထဲက လူတွေအကုန်လုံး လမ်းပေါ်မှာပဲ မတ်တပ်တောင်မရပ်နိုင်ဘူး၊ အကုန်ထိုင်နေကြရတာ၊ ဓါတ်တိုင်တွေ ဓါတ်ကြိုးတွေဆို ရမ်းခါနေတာပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ပဲခူးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ပဲခူးမြို့တွင် ငလျှင်လှုပ်ခတ်မှု ပြင်းထန်သောကြောင့် နေအိမ်အချိို့ ပျက်စီးသွားပြီး ဖုန်းလိုင်းနှင့် လျှပ်စစ်မီးများလည်း ပြတ်တောက်သွားသည်ဟု Myanmar Now ကို ပြောသည်။
“မီးလာတဲ့အချိန်ကို ပြန်ပြတ်သွားပြီ၊ ဖုန်းတွေလည်း တစ်လုံးမှ ခေါ်မရဘူး ဖြစ်ဖြစ်ချင်း၊ အိမ်က မိသားစုကို ဖုန်းဆက်တာ လုံးဝဆက်မရဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
ရန်ကုန်နှင့် ပဲခူးမြို့ရှိ ဖုန်းလိုင်းအချို့ ငလျှင်လှုပ်ပြီး မိနစ် ၃၀ ခန့်ကြာသည့်အထိ ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်ဟု ဒေသခံအချို့ကဆိုသည်။
ငလျင်သည် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် ၊ ချင်းမိုင်နှင့် မဲဆောက်မြို့များတွင်ပါ လှုပ်သွားကြောင်းသိရသည်။
ဘန်ကောက်တွင်လည်း ဆောက်လက်စတိုက်အချို့ ပြိုကျမှုရှိကြောင်း Facebook လှုမှုကွန်ရက်တွင် တက်လာသည့် ရုပ်သံအချို့အရသိရသည်။
ငလျင်ကြောင့် ထိခိုက်ပျက်ဆီးသွားသည့် အဆောက်အအုံအရေအတွက်နှင့် ထိခိုက်သေဆုံးသူအရေအတွက်ကို မသိရသေးပေ။
စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မြန်မာစံတော်ချိန် ၁ နာရီ ၃၀ မိနစ်အချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်လာမှုမရှိသေးပေ။
ငလျင်သည် ပထမတစ်ကြိမ်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များလည်း လှုပ်နိုင်ချေရှိသဖြင့် သတိထားရန်လိုအပ်သည်။