
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက နှစ်ရက်ဆက် အကြမ်းဖက်ပစ်ခတ်မှုများကြောင့် မန္တလေးမြို့တွင် ယမန့်နေ့မှ ယနေ့ည ၉ နာရီကျော်အချိန်ထိ အနည်းဆုံးပြည်သူ ၁၅ ဦး ကျဆုံးခဲ့ရပြီး ထိုသူများတွင် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးနှင့် ပရဟိတသမားနှစ်ဦးလည်း ပါဝင်သည်။
စစ်ကောင်စီလက်နက်ကိုင်များသည် ယမန်နေ့ နေ့ခင်းပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်အတွင်း ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ယမန်နေ့ည ပိုင်းတွင်ပါ ဆက်လက်စီးနင်း ဝင်ရောက်မှုပစ်ခတ်မှုများကြောင့် ၆ ဦးထပ်မံသေဆုံးခဲ့ရသည်။
ထို့ပြင် ယနေ့ (မတ် ၂၂) နေ့ခင်းအချိန်တွင် ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာဝင်းအတွင်း စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦးထပ်မံ သေဆုံးခဲ့ရသည်။
မန္တလေးမြို့အတွင်း စစ်ကောင်စီလက်နက်ကိုင်များ၏ နှစ်ရက်ဆက်ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၁၅ ဦးအပြင် ဒဏ်ရာရရှိသူပေါင်း ၃၅ ဦးထက်မနည်းရှိပြီး ပေါင်ကျိုးခြင်း၊ လက်ပြတ်ခြင်း စသည့် ပြင်းထန်ဒဏ် ရာရရှိသူများ ပါဝင်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။
ယနေ့တွင် မြရည်နန္ဒာအိမ်ရာဝင်းအတွင်း ဆန္ဒပြသပိတ်များ မရှိပါဘဲ လမ်းမပေါ်နှင့် လူနေရပ်ကွက် လမ်းကြားအတွင်းပိုင်းအထိ စစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အရပ်သား ၈ ဦး သေဆုံးခဲ့ရသည်။
မြရည်နန္ဒာအိမ်ရာဝင်းအတွင်း ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသူများတွင် အသက် ၁၄ နှစ်အရွယ် မောင်ထွန်းထွန်းအောင်ဆိုသူ ကလေးငယ်လည်း ပါဝင်ခဲ့ပြီး ရင်ဘတ်ကို ကျည်ဆန်ထုတ်ချင်းပေါက်ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ မောင်ထွန်းထွန်းအောင်၏ နိုင်ငံသားစိစစ်ရေးကတ်မှတ်တမ်းအရ လာမည့် ဇူလိုင်တွင်မှ အသက် ၁၅ နှစ်ပြည့်မည် ဖြစ်သည်။
ထို့ပြင် မျက်လုံးကို ကျည်ဆန်ထိမှန်ခဲ့သူ အသက် ၂၈ ဝန်းကျင် ကိုဝင်းထွန်းဦး၊ လူမှုကယ်ဆယ်ရေး အသင်းတစ်ခုမှ ၃၈ နှစ်အရွယ် ကိုနေမျိုးကျော်၊ ၁၉ နှစ်အရွယ် ကိုဇော်ဇော်၊ ၂၁ အရွယ် ကိုအေးချမ်း မိုး၊ လည်ပင်း၊ ဗိုက်နှင့် ခြေထောက် သုံးနေရာ ကျည်ထိမှန်သည့် ၃၅ နှစ်အရွယ် ကိုဇော်လင်းထိုက်၊ ၂၁ နှစ်အရွယ် ကိုထိန်းလင်းနှင့် အမည်မသိရှိရသေးသူ အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။

သေဆုံးသူများအနက် ပရဟိတသမား ကိုထိန်းလင်းဆိုသူမှာ သေနတ်မှန်သည့် လူနာများကို ကယ်ဆယ်ရင်း ၎င်းကိုယ်တိုင် သေနတ်မှန်ကာ ကျဆုံးခဲ့သည်။ ၎င်း၏ အလောင်းကို စစ်တပ်က ကောက်ယူသွားသဖြင့် အလောင်းမရရှိသေးကြောင်း ကယ်ဆယ်ရေးဆေးဝန်ထမ်းတစ်ဦးက ပြောသည်။
လူမှုကယ်ဆယ်ရေးအသင်းမှ ကိုနေမျိုးကျော်သည်လည်း (ဇ)ရပ်ကွက်၊ လမ်း ၆၀၊ ၆၁ လမ်းရှိ သေနတ်ဒဏ်ရာထိသူများကို ကယ်ဆယ်ရန် လမ်းပေါ်ထွက်သည့်အချိန်တွင် စစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင်များနှင့် ပက်ပင်းတိုး၍ ပစ်ခတ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
လက်နက်ကိုင်များ ရောက်ရှိလာချိန်တွင် ထွက်ပြေးသော်လည်း ရပ်ကွက် လူနေလမ်းကြား အတွင်း ပိုင်းအထိ လိုက်လံပစ်ခတ်ခံရသဖြင့် ရင်ဘတ်သို့ ကျည်ဆန်ထိမှန်ကာ ကျဆုံးကြောင်း သိရသည်။
စစ်ကောင်စီလက်နက်ကိုင် အင်အား ၃၀၀ ထက်မနည်းသည် မြရည်နန္ဒာအိမ်ရာဝင်းအတွင်း နံနက် ၁၀ နာရီမှစ၍ ဝင်ရောက်လာပြီး သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အိမ်ရာဝင်းအတွင်း နေထိုင်သူပြည်သူအချို့ကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟုလည်း မျက်မြင်တွေ့ရှိသူများက Myanmar Now ကို ပြောသည်။
စစ်ကောင်စီအကြမ်းဖက်တပ်သည် ယမန်နေ့က နေ့လယ်ပိုင်းနှင့် ညဉ့်နက်သန်းခေါင်တွင်လည်း မန္တလေး၊ ပြည်ကြီးတံခွန်နှင့် ချမ်းအေးသာစံမြို့နယ်များရှိ ပြည်သူများကို ပစ်ခတ်ခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့သည်။ ယင်းအနက် တစ်ဦးကို ယနေ့ မနက်မှ အကြမ်းဖက်တပ်က အလောင်းထုတ်ပေး ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက်နက်ကိုင်များ လက်ချက်ဖြင့် ယမန်နေ့ နေ့ခင်းပိုင်းက သေဆုံးခဲ့ရသူမှာ ချဉ်ပေါင်း ရောင်းသူ အသက် ၅၃ နှစ်အရွယ် ဦးတွတ်ကြီးဆိုသူဖြစ်ပြီး ယမန်နေ့ညပိုင်းက ပစ်ခတ်မှုများ ကြောင့် သေဆုံးခဲ့ရပြီး ယနေ့နံနက်ပိုင်းမှသာ အတည်ပြုနိုင်သော သေဆုံးသူများမှာ အသက် ၁၅ နှစ်အရွယ် လက်ဖက်ရည်ဆိုင် စားပွဲထိုးဝန်ထမ်း မောင်ဇော်မျိုးထက်၊ အသက် ၂၆ နှစ်အရွယ် ကိုဖြိုးဝေထွန်း၊ အသက် ၄၄ နှစ်အရွယ် ကိုဇော်မျိုးဦး၊ ၄၃ နှစ်အရွယ် ကိုဖြိုးမောက်မောင်၊ ၃၉ နှစ်အရွယ် မင်းသူ အောင် (ခ) ပြောင်ကြီးနှင့် ၅၁ နှစ်အရွယ် ဦးစိုင်းအောင်မင်း ဆိုသူတို့ ဖြစ်သည်။