သတင်း

အာဏာသိမ်း​စစ်ခေါင်း​ဆောင်များကို ဥ​ရောပသမဂ္ဂက ဒဏ်ခတ်အ​ရေးယူ

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၁၀ ဦးနှင့် စစ်ကောင်စီက ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ကို အရေးယူဒဏ်ခတ်ကြောင်း ဥရောပ သမဂ္ဂက ယနေ့(မတ် ၂၂ ရက်) ထုတ်ပြန်ကြေညာလိုက်သည်။

ငြိမ်းချမ်းစွာဆန္ဒပြသည့် မြန်မာပြည်သူများအပေါ် ဖိနှိပ်မှုဖြစ်စဉ်များကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် များအပါအဝင် စုစုပေါင်း ၁၁ ဦးကို ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။

အရေးယူခံရသည့် ၁၁ ဦးသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ခရီးသွားလာခွင့်ရှိမည်မဟုတ်ဘဲ ပိုင်ဆိုင် များနှင့်ပတ်သက်၍လည်း ထိန်းချုပ်ကန့်သတ်ခံထားရမည် ဖြစ်သည်။ 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများနှင့် ကုမ္ပဏီများအနေဖြင့်လည်း အထက်ပါအရေးယူ ဒဏ်ခတ် စာရင်းတွင် ပါဝင်သူများနှင့်ဖြစ်စေ၊ ၎င်းတို့၏ လုပ်ငန်းများနှင့်ဖြစ်စေ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ မပြု လုပ်ရန် ကန့်သတ်တားမြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ဥရောပသမဂ္ဂသည် အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးဆိုင်ရာအကူအညီများကို ကန့်သတ်ထား မည်ဖြစ်ပြီး အစိုးရယန္တရားကို စစ်အစိုးရက လွှမ်းမိုးထား၍ အစိုးရယန္တရားကိုလည်း အထောက်အပံ့ပေးမှု အားလုံးကို ထိန်းချုပ်ထားမည်ဟု ထုတ်ပြန်သည်။

တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂသည် မြန်မာပြည်သူများအပေါ် သက်ရောက်မှုမရှိစေရန် အထက်ပါ အရေးယူမှုကို အသေအချာဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ပြည်သူများအပေါ် ထောက်ခံမှုများကို ဆက်လက်ခိုင်မာစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာစစ်တပ်အပေါ် ယခင်က ချမှတ်ထားသော စစ်လက်နက်ပစ္စည်းတင်ပို့ခွင့် ပိတ်ပင်မှုကို ဆက်လက်ထား ရှိမည်ဖြစ်ကြောင်းလည်း အီးယူခေါ်  ဥရောပသမဂ္ဂက ထပ်လောင်းသတိပေးထားသည်။

၂၀၁၈ တွင် ရိုဟင်ဂျာများအပေါ်  ပြစ်မှုကျူးလွန်မှုများကြောင့် စစ်တပ်အရာရှိနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးကို ဥရောပသမဂ္ဂက အရေးယူခဲ့သည်။ 

ဥရောပသမဂ္ဂကို အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး ဦးဆောင်အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် ပြင်သစ်က အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံရုံးက ယနေ့ ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button