
ရခိုင်စစ်ရှောင်များ မိုးမကျမီ နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီကို တိုက်တွန်းသွားမည်ဟု ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ခရီးစဉ်တွင် ဒေါက်တာအေးမောင်က ပြောဆိုခဲ့သည်။
ယမန်နေ့က ၎င်းခရီးစဉ်အတွင်း ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းလေးခုဖြစ်သော မြတောင်၊ လမ်းမကျောင်း၊ ရန်အောင်မြေကျောင်းနှင့် ဒဏ္ဍာရီကျောင်းတို့ကို လာရောက်ပြီး စစ်ဘေး ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့သည်။
စစ်ဘေးရှောင်များက မိမိမူလနေရပ်သို့ ပြန်လိုကြသော်လည်း ကျေးရွာအနီး တပ်စခန်းများ ရှိနေသည်က တစ်ကြောင်း၊ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောက်လန့်ပြီး နေရပ် မပြန်ရဲခြင်းဖြစ်သည်ဟု ပြောခဲ့သည့်အပေါ် ယင်းသို့ပြောခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် မိုးမကျမီ နေရပ်စွန့်ခွာထွက်ပြေးလာသည့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ပိုင်ခွင့် မရှိသော်လည်း ပြောပိုင်ခွင့်ရှိသည့်ဘက်မှ လက်ရှိအစိုးရအား တိုက်တွန်းပြောဆို သွားမည်ဟု ဒေါက်တာအေးမောင်က စစ်ဘေးရှောင်များရှေ့တွင် ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ အနေအထားကို ပြန်ကြည့်တော့ အဲဒီလိုဖြည့်စွမ်းပေးဖို့လည်း ကိုယ့်မှာ လုပ်ပိုင်ခွင့်ကမရှိ သို့သော် လုပ်ပိုင်ခွင့်မရှိရင်လည်း တစ်ခုတော့ရှိတယ် ပြောပိုင်ခွင့်ရှိတယ်။ နှစ်ဖက် ပုဂ္ဂိုလ်တွေက နားလည်သဘောပေါက်လို့ ကျွန်တော်တို့ စစ်ဘေးသင့်ခဲ့တဲ့လူတွေရဲ့ ဆန္ဒကိုလက်ခံပေးပြီးတော့ ဖြေရှင်းပေးနိုင်ရင်တော့ ပြေလည်မှုရနိုင်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဆက်လက်ပြီး “ကျွန်တော်တို့ကလည်း ကြားဝင်ပြီး တိုက်တွန်းပေးရကျိုးနပ်ဖို့ မိဘပြည်သူများ ခံစားနေရတဲ့ ဒုက္ခသုခအားလုံးကို ပြည်သူများကိုယ်စား ပြောပေးတဲ့အခါ နှစ်ဖက်ကလည်း နားလည်မှုရှိစွာနဲ့ ကျွန်တော်တို့ ပြောတဲ့အချက်အလက်တွေကို လက်ခံပေးဖို့လိုပါတယ်” ဟု ဆက်ပြောသည်။
မောင်တောခရိုင်သို့ ဒေါက်တာအေးမောင် လာရောက်ခြင်းကို ရခိုင် ဒေသခံ ထောင်နှင့်ချီ ကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနှစ်ခုဖြင့် နှစ်ရှည်ထောင်ဒဏ်ချ မှတ်ခံရကာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာသေးမီက ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
ထိုသို့ ပြန်လည်လွတ်မြောက်လာပြီးနောက် ဒေါက်တာအေးမောင်သည် ၎င်းအား ထောက်ခံအားပေးသည့် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များမှ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ရခိုင်မြောက်ပိုင်းတွင် မိုင်းရှင်းလင်းနေသည်ဟု စစ်တပ်က ပြောဆိုထားသော်လည်း ရခိုင်ပြည်သူများက စစ်တပ်များရှိနေ၍ နေရပ် မပြန်ရဲကြခြင်း ဖြစ်သည်။
ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင် (AFP) ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် နေရာအချို့ အနိုင်ရခဲ့ပြီး စစ်ကောင်စီက အသစ်ပြုလုပ်ပေးမည်ဟု ပြောဆိုထားသော ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်မည်ဟု အရိပ်အမြွက် ပြောကြားထားသည်။