ဆောင်းပါး

စစ်ကောင်စီ၏ အာရုံပြောင်းခြေလှမ်းများ

ကိုဗစ်ကပ်ရောဂါကြောင့် ဖူးမြော်ခွင့်ပိတ်ထားခဲ့သည့် ရွှေတိဂုံစေတီတော်ကြီးကို ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင်ပင် သွားရောက်ဖူးမြော်မည်ဟု အားခဲထားသည့် အသက် ၄၀ ကျော်အရွယ် ကိုသန်းဇော်အောင်တစ်ယောက် ရည်မှန်းချက်များ မပြည့်ခဲ့ပေ။

ကိုသန်းဇော်အောင်နည်းတူ ရွှေတိဂုံစေတီတော်ကြီး ပြန်လည်ဖွင့်လှစ်ပါက ဖူးမြော်ခွင့်ရရန် လူအများစု ရည်မှန်းထားသည်။ ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်ပွားစေရန် တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် အခြားသော နာမည်ကြီးဘုရားများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကို အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ခြင်းကြောင့် အများပြည်သူ ဖူးမြော်နိုင်ရန် ဘုရားစေတီများ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းတော့ မဟုတ်ပေ။

ပြည်သူများ‌ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအဖွဲ့ကို အဓမ္မဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့သည့် စစ်တပ်က ၎င်းတို့အပေါ် ပြည်သူများ၏ ဖိအားများ လျော့ကျစေရန် အာရုံးပြောင်းမှု စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားစေတီများ ဖူးမြော်ခွင့်ပြုခြင်းသည်လည်း ထိုအနက်မှ တစ်ခုပင်ဖြစ်ကြောင်း ကိုသန်းဇော်အောင်အပါအဝင် နိုင်ငံရေးလေ့လာသူများ၊ ခရီးသွားလာရေးဆောင်ရွက်သူများက မှတ်ချက်ပြုသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းယူပြီးနောက် လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြနေသော ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေလက်နက်ကိုင်များက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်လျက်ရှိရာ တစ်လကျော်အတွင်း ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။

ယခုအချိန်တွင် အာဏာသိမ်းစစ်ကောင်စီက အာရုံပြောင်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ 

“ဘုရားတွေ ပြန်ဖွင့်ပေးမယ်။ ပျော်ပွဲရွှင်ပွဲတွေ ခွင့်ပြုမယ်။ ဒါက သူတို့လုပ်နေကြ၊ လုပ်တဲ့ပုံစံပဲ” ဟု ကိုသန်းဇော်အောင်က ဖွင့်ဟသည်။

ကိုသန်းဇော်အောင်သည် ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံသို့ မရောက်မီက တနင်္ဂနွေနေ့တိုင်း ရွှေတိဂုံဘုရားသို့ သွားရောက်၍ တရားထိုင်၊ ပုတီးစိပ်မှု ပုံမှန်ပြုလုပ်နေသူဖြစ်သည်။ သို့သော် ယခုလို ဘုရားပြန်ဖွင့်ပြီဆိုသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သောအားဖြင့် ရွှေတိဂုံဘုရားသို့ သွားရောက်မည်မဟုတ်ကြောင်း ကိုသန်းဇော်အောင်က ဆိုသည်။

“ရွှေတိဂုံပြန်ဖွင့်ပေးလည်း ဘယ်သူမှ သွားမဖူးကြတော့ဘူး။ တစ်ရက် ဆယ်ဂဏန်းလောက်ပဲ သွားကြမယ် ထင်တယ်။ ဒါတောင် သူတို့လူတွေ ဖြစ်ဖို့များတယ်” ဟု ကိုသန်းဇော်အောင်က ဆက်ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူများအပေါ် အာရုံပြောင်းမှုမှာ ဘုရားများအား ဖူးမြော်ခွင့်ပေးခြင်း တစ်ခုတည်းမဟုတ်ပေ။ ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့်နှစ်က မကျင်းပဖြစ်ခဲ့သော မန္တလေးမြို့၏ မဟာသင်္ကြန်ပွဲတော်ကိုလည်း ပြန်လည်ကျင်းပရန် စီစဉ်လျက်ရှိသည်။

သင်္ကြန်ပွဲတော်ဟုဆိုလျှင် အခြားသော မြို့များထက်ပို၍ ထူးခြားစည်ကားလေ့ရှိသည့် မန္တလေးမြို့ သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့ကြောင့် မန္တလေးတိုင်းစစ်ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုဦးဆောင်သောအဖွဲ့က မတ်လ ၁၇ ရက်တွင် အစည်းအဝေးကျင်းပခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် သတင်းစာဖြစ်သော မန္တလေးနေ့စဉ်သတင်းစာက မတ်လ ၁၈ ရက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့တွင် သန်းနှင့်ချီသော ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ (ဓာတ်ပုံ − Myanmar Now) 

ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်ဖရိုဖရဲဖြစ်နေသည့်အချိန်တွင် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် ဆောင်ရွက်နေသော်လည်း မန္တလေးမြို့ခံများက ပူးပေါင်းပါဝင်ခြင်း မရှိပါက အောင်မြင်မည် မဟုတ်ကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

“သေချာတယ်။ ကျွန်တော်တို့ မြို့ခံတွေက သင်္ကြန်လုပ်မှာ မဟုတ်ဘူး” ဟုလည်း ၎င်းက ဖွင့်ဟသည်။

ထို့အပြင် မန္တလေးမြို့ ပြန်လည်စည်ကားလာစေရေးအတွက် စျေးချိုတော်၊ ဒိုင်းမွန်းပလာဇာ၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံစျေးတို့ကို မတ်လ ၂၁ ရက်တွင် စစ်ကောင်စီက ဖိအားပေးပြန်ဖွင့်စေခဲ့သော်လည်း ဈေးသူဈေးသားများ ပူးပေါင်းပါဝင်ခြင်း မရှိသောကြောင့် ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိပေ။ 

စစ်ကောင်စီအဖွဲ့၏ အာရုံပြောင်းခြေလှမ်းများက ထိုမျှဖြင့် ရပ်မသွားပေ။ မတ်လ ၂၁ ရက် ကြေးမုံသတင်းစာတွင် ‘စိတ်ခံစားချက်လျော့ပါးပြီး စိတ်ရွှင်လန်း အပန်းဖြေ’ ခေါင်းစဉ်ဖြင့် ကြေညာချက်တစ်ခု ပါရှိပါသည်။

“မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းကို ပိုမိုနှစ်သက်ကြပါသည်။ မြန်မာနိုင်ငံသည် ဆယ့်နှစ်လရာသီပွဲလမ်းသဘင်များနှင့် ရှေးအစဉ်အဆက် ယဉ်ကျေးမှုအစဉ်အလာများမပျက် နိုင်ငံတစ်ဝန်းတွင် ပြုလုပ်လေ့ရှိသည်။ နိုင်ငံအနှံ့တွင် လည်ပတ်ချင်စရာ၊ အပန်းဖြေချင်စရာနေရာဌာနများစွာ ရှိပါသည်။ နိုင်ငံသူ၊ နိုင်ငံသားများသည် တစ်နှစ်တစ်ခါသာမက အားလပ်ရက်များ၌ တစ်ဦးချင်းအလိုက်၊ မိသားစုအဖွဲ့အလိုက် သွားရောက်လည်ပတ်အပန်းဖြေလေ့ရှိကြသည်။ မိမိတို့ဘဝများကို ပျော်ရွှင်ချမ်းမြေ့စရာများတွင် ပိုမိုအချိန်ပေးလေ့ရှိကြသည်” ဟု အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်သွားရေးကိစ္စများကို အထူးအလေးအနက်ထား မှာကြားထားသည်နှင့်အညီ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ပေါ်ပေါက်လာစေရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။

မကြာမီကာလတွင် ပွင့်လင်းရာသီရောက်ရှိလာပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ပွဲလမ်းသဘင်များ၊ အလည်အပတ်ခရီးစဉ်များတွင် ပြည်သူများ၏ စိတ်နှလုံးချမ်းမြေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖန်တီးပေးလျက်ရှိသည့် ခရီးသွားလည်ပတ်ရေးအစီအစဉ်များတွင် ဥပ‌ဒေစည်းကမ်းများကိုလိုက်နာပြီး မိမိတို့၏ စိတ်မွန်းကျပ်နေမှုများကို ပြေလျော့နိုင်ရေး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ရေးသားထားသည်။

“ကမ်းခြေတွေကိုလည်း ပြန်ဖွင့်ပေးဖို့ စီစဉ်နေတယ်” ဟု ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။ ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်၊ ချောင်းသာနှင့် ငွေသောင်ယံကမ်းခြေများကို ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက စီစဉ်လျက်ရှိသည်။ 

နောက်တစ်ရက်ဖြစ်သည့် မတ် ၂၂ တွင် ကြေးမုံသတင်းစာ၌ စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးမောင်မောင်အုန်းက ချောင်းသာကမ်းခြေကို ဖွင့်လှစ်ခဲ့ကြောင်း ပါရှိလာခဲ့သည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သော Azura Beach Hotel တွင် အဆိုပါကမ်းခြေဖွင့်ပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ ဖွင့်လှစ်သည့် အပေါ်တွင်လည်း ချောင်းသာကမ်းခြေရှိ ဒေသခံများက ကန့်ကွက်ရန် ပြင်ဆင်နေကြသည်။ ဟိုတယ်များတွင် အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများကလည်း အစိုးရဝန်ထမ်းများကဲ့သို့ ငြိမ်းချမ်းစွာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)အဖြစ် ပြုလုပ်သွားရန်ရှိနေကြောင်း ချောင်းသာဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများ အများဆုံးသွားရောက်လေ့ရှိသည့် ရှေးဟောင်းမြို့တော် ပုဂံဒေသရှိ ဟိုတယ်များကိုလည်း မတ်လ၂၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ထားကြောင်း မတ်လ၂၂ ရက်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသည်။

“သူတို့ဘာသာပဲ ဖွင့်တာ။ ခရီးသွားက ပြည်တွင်းဧည့်သည်တောင် လာလည်တဲ့သူ မရှိဘူး”ဟု ပုဂံအခြေစိုက် ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။

ထို့အပြင် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်ရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၁၅ ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မှာကြားကြောင်း မတ်လ ၁၆ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် ပြည်သူများ အာရုံပြောင်းစေရန် စစ်ကောင်စီအဖွဲ့က အသုံးပြုနေသော်လည်း ပြည်သူများက လိုက်ပါပူးပေါင်းပါဝင်ခြင်း မရှိပေ။ ပြီးခဲ့သည့်တစ်နှစ်ပတ်လုံး ခံစားခဲ့ရသည့် ကိုဗစ်ကပ်ရောဂါ၏ ကာကွယ်ဆေးကိုပင် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်၌ ပြည်သူများစုက ထိုးနှံခြင်း မရှိပေ။

“အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြီး အုပ်ချုပ်ချင်နေတာ သူတို့ ဘာလုပ်ပေး၊ လုပ်ပေး ပြည်သူတွေက လက်ခံမှာ မဟုတ်ဘူး။ သူတို့ကိုလည်း ဘယ်သူမှ မယုံဘူး”ဟု ရန်ကုန်မြို့ လမ်းမတော်မြို့နယ်နေ ကိုကျော်စိုးက ဖွင့်ဟသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက မတ် ၁၄ ရက်တွင် လှိုင်သာယာမြို့နယ်၌ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ (ဓာတ်ပုံ − EPA)

ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်ရှိ သပြေကုန်းအဝိုင်းအနီးတွင် အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသော အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ စစ်ကောင်စီလက်ချက်ကြောင့် ပထမဆုံး လူငယ်တစ်ဦး အသက်ပေးခဲ့ရခြင်းဖြစ်သည်။ 

ထို့နောက်မှစ၍ အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းပြီး သေနတ်ဖြင့် ပစ်သတ်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP )က ကောက်ယူထားသော အချက်အလက်များအရ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၂ ရက်အထိ သေဆုံးသူ ၂၄၇ ဦးရှိပြီး  ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ ၂၃၄၅ ဦး ရှိပြီဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် မတ်လမှစ၍ ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် လူစုလူဝေးဖြင့် ပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများအပါအဝင် တစ်မြို့နှင့် တစ်မြို့ ခရီးသွားလာခွင့်ပါ ကန့်သတ်ခံခဲ့ရသည်။ စိတ်ပင်ပန်းနွမ်းနယ်နေသည့် ပြည်သူများမှာ စစ်တပ်၏ အဓမ္မအာဏာသိမ်းယူလိုက်၍ လွတ်လပ်ခွင့်နှင့် အခြားသောအခွင့်အရေးများပါ ထပ်မံဆုံးရှုံးလျက်ရှိသည်။ 

ထိုသို့ ဆုံးရှုံးမှုများ ခံစားနေရသော်လည်း ပြည်သူများက ရှိသည့်အင်အားဖြင့် အာဏာရှင်ကျဆုံးရေး ပြင်းထန်စွာတိုက်ပွဲဝင်လျက်ရှိကြသည်။ အများပြည်သူများနည်းတူ အာဏာရှင်ကျဆုံးရေး တိုက်ပွဲဝင်နေသူ ကိုသန်းဇော်အောင်ကလည်း အောက်ပါအတိုင်း မှတ်ချက်ပြုသည်။ 

“စစ်ကောင်စီရဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပူးပေါင်းဆောင်ရွက်မှု မလုပ်ရင် ပြည်သူတွေ အနိုင်ရမှာပါ”။

Show More

Related Articles

Back to top button