
အာဏာသိမ်း စစ်ကောင်စီ၏ ရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် မန္တလေးမြို့ စိန်ပန်းတိုက်သစ်မှ ဆရာတော် ပျံလွန်တော်မူသွားသည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ဆရာတော်၏ ဒကာမ ဖြစ်သူက Myanmar Now ကို အတည်ပြုသည်။
မန္တလေးမြို့ ၄၂ လမ်းရှိ စိန်ပန်းတိုက်သစ်တွင် သီတင်းသုံးနေထိုင်သူ အသက် ၄၀ အရွယ် ဆရာတော်သည် စိန်ပန်းရပ်ကွက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး ထိုင်သပိတ်တွင် မတ် ၁၃ က ပါဝင် ဆန္ဒပြခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ရင်ဘတ်နှင့်လက်မောင်းတွင် ကျည်ဆန်အစစ် ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။
“အဆင်ပြေပါတယ်။ ဆေးရုံကလည်း ဆင်းသွားပါပြီ။ လုံခြုံတဲ့နေရာမှာရှိနေပါတယ်။ ရှိတဲ့နေရာကိုတော့ လုံခြုံရေးအရ ပြောလို့မရသေးပါဘူး” ဟု ဆရာတော်၏ ဒကာမဖြစ်သူ မလဲ့က မတ် ၂၂ နံနက်ပိုင်းက Myanmar Now ကို အတည်ပြုသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်များက ဒဏ်ရာရရှိသူများကိုပါ လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် လျှို့ဝှက်ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်ပြီး ဆရာတော်၏ လုံခြုံရေးအရ ဘွဲ့အမည်ကိုပါ ဖြေကြားခြင်းမရှိပေ။
ပြီးခဲ့သည့် မတ် ၁၃ ရက်နေ့မှာ ၁၉၈၈ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကို အစပြုခဲ့သည့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးသည့် ၃၃ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနေ့ဖြစ်ပြီး ထောင်နှင့်ချီသည့် ကျောင်းသားလူငယ်များ စိန်းပန်းရပ်ကွက်ရှိ ထိုင်သပိတ်သို့ လာရောက် ပူးပေါင်းစဉ် ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်။
ထိုနေ့က အကြမ်းဖက် ဖြိုခွင်းပြီးနောက်တွင် ဒဏ်ရာရသူများကို ကုသပေးနေသည့် လူမှုကူညီရေးအသင်းရုံးခန်းကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖျက်ဆီးသွားခဲ့ပြီး အသင်းပိုင်ကား ၂ စီးနှင့် ဆိုင်ကယ်များကိုလည်း ယူဆောင်သွားသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
ထိုအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော်ရှိသည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်းများက ခန့်မှန်းထားသည်။
မန္တလေးမြို့တွင် ယမန်နေ့ညဦးပိုင်းက စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက မြို့အနှံ့ စက်သေနတ်များ၊ အသံဗုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့သည်။
လတ်တလောတွင် မန္တလေး ထိခိုက်သေဆုံးသူစာရင်း အတိအကျမရရှိသေးဘဲ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ မှ မတ် ၂၁ အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားခဲ့သူ ၂၅၀ ဦး ရှိခဲ့ပြီဖြစ်သည်။