
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့ (မတ် ၂၀) ညပိုင်းက စစ်သားတစ်ဦးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တစ်ဦး၏ သားဖြစ်သူတို့ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။
စရဖတပ်ဖွဲ့ဝင်၏ သားဖြစ်သူသည် ကျောက်ပန်းတောင်း – မြင်းခြံလမ်း (မြို့ရှောင်လမ်း) အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ စစ်သားတစ်ဦးမှာ ကျောက်ပန်းတောင်းဈေးအနီးတွင် သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ည၈ နာရီ နောက်ပိုင်း မထွက်ရ ဆိုတာမှာ စရဖ (စစ်ထောက်လှမ်းရေး) ရဲ့ သားက ည ၉ နာရီ ထိုးခါနီး လောက်မှာ သူ့ရည်းစားနဲ့ ချိန်းတွေ့ပြီး ပြန်လာတဲ့အချိန် စစ်တပ်က ရပ်လို့ ပြောတာကို မရပ်ဘဲနဲ့ ဖုန်းပြောရင်းနဲ့ မောင်းနေတဲ့အချိန်မှာ ပစ်တယ်လို့ အသံကြားတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
ထိုမတိုင်မီက စစ်သားတစ်ဦးလည်း သေဆုံးမှုဖြစ်ခဲ့သည်ဟုလည်း အဆိုပါမြို့ခံက ဆက်ပြောသည်။
“စစ်သားတစ်ယောက်က ဈေးနားလေးက ဝင်းသူဇာရှေ့မှာ။ အဲဒါကတော့ အမျိုးမျိုး ပြောကြတာ သူတို့ချင်း ပစ်ခတ်တာလို့ ပြောသလို ဂျင်ကလိတွေ၊ လေသေနတ်နဲ့ ပစ်ခံရတာလို့ ပြောတာလည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မျက်မြင်ကိုယ်တွေ့ မဟုတ်လို့ ဘာမှ ပြောလို့မရဘူး” ဟု ၎င်းက ပြောသည်။
အခြားမြို့ခံတစ်ဦးကလည်း “စစ်သားသေဆုံးတာက ပြည်သူလူထုက ပစ်တာလား။ သူတို့ချင်း မှားပစ်တာလား၊ ဘာလားတော့ မသိဘူး။ ကျွန်တော့အထင် ပြည်သူက ဘယ်သူမှ ပစ်မယ်မထင်ပါဘူး။ ပြည်သူက ပစ်ရအောင် လက်နက်မှ မရှိဘဲ”ဟု သူ၏ ထင်မြင်ချက်ကို ပြောသည်။
ထို့ပြင် ယမန်နေ့ည ၈ နာရီ နောက်ပိုင်းထွက်သည့် အရပ်သားတစ်ဦးလည်း ပစ်ခတ်ခံရ၍ ရာဘာ ကျည်သုံးချက် ထိမှန်ဒဏ်ရာရခဲ့ကြောင်း အခြားကျောက်ပန်းတောင်းမြို့ခံတစ်ဦးက ပြောသည်။
“သူက သုံးချက်မှန်တာ ရင်ညွန့်နဲ့ပေါင်တဲ့၊ သူက ပြေးရတယ်တယ်။ ပြေးရပြီး အခြားရပ်ကွက်ရောက် သွားတော့ တခြားရပ်ကွက်က ဒီအချိန်ကြီးပြေးလာလို့ စစ်မေးတော့ သူက သူ့ရပ်ကွက်က ကင်းသမား၊ ဖုန်းနံပါတ်ပြောလိုက်တော့ ကင်းသမားအချင်းချင်းပြန်ပို့ပြီး ဆေးတောင် ကျိတ်ကုလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့ ညပိုင်းက မြို့ပေါ် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မခဲ့၍ မြို့ခံများက သံပုံးတီးခဲ့သည်ဟုလည်း မြို့ခံက ပြောသည်။
ယမန်နေ့ညက စစ်သားတစ်ဦးနှင့် စစ်သားမိသားစုဝင်တစ်ဦး သေဆုံးမှုဖြစ်ခဲ့၍ ယနေ့ (မတ် ၂၁) ညတွင် မြို့ခံများကို ပိုမိုဖိနှိပ်လာနိုင်သဖြင့် သတိထားနေရဟုလည်း ကျောက်ပန်းတောင်း မြို့ခံတစ်ဦးက ပြော သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်ကို ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့သို့ မေးရန်သာ ပြန်လည်ဖြေကြားခဲ့သည်။ ကျောက်ပန်းတောင်းမြို့ခံတစ်ဦးကမူ “အဲဒီဖြစ်စဉ်က မွေးနေ့ပွဲတစ်ခုကအပြန် သူတို့အချင်းချင်း ပစ်ခတ်မှုဖြစ်တာလို့ သိရတယ်” ဟု Myanmar Now ကို ပြောသည်။
ကျောက်ပန်းတောင်းမြို့အတွင်း လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေသည့် အဖွဲ့ဝင်တစ်ဦးကို ဆိုင်ကယ်မောင်းသူတစ်ဦးက ရန်ပြုတိုက်ခိုက်သဖြင့် ဒဏ်ရာရသေဆုံးခဲ့ပြီးနောက် တိုက်ခိုက်ခဲ့သူကို မြို့အတွင်း ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းရာတွင် လူတစ်ဦး အဓိကရုဏ်းလက်နက်ဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးခဲ့ကြောင်းစစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက ယနေ့ည ၈ နာရီတွင် ကြေညာခဲ့သည်။