
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံတပ်ကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ (မတ် ၂၁) နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ အချို့က ပြောသည်။
“အခု ဆဒုံးမှာ နည်းနည်းဖြစ်တယ်ပြောတယ်။ ဆဒုံးဆိုတာ ဝိုင်းမော်မြို့နယ်ထဲမှာ ကန်ပိုက်တီသွားတဲ့ လမ်းဘက်မှာ။ အဲဒီဘက်မှာ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃)နဲ့ ဖြစ်တယ်လို့ သိရတယ်” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
KIA က အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့ကို ဝင်တိုက်၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက်မှုများရှိ သည်ဟု သတင်းထွက်ပေါ်နေသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ကချင်လူငယ် ကိုဆန်အောင်ကလည်း “စစ်တပ်စခန်းကို KIA ဘက်က ဝင်ပစ်တယ်လို့ ပြောတယ်။ ဘယ်လိုကြောင့်လဲဆိုရင် အခုက ပြည်သူလူထုတွေကိုလည်း ထိတာတွေဘာတွေ ဖြစ်လာတယ်ဆို တော့ သူတို့ကလည်း သတိပေးတဲ့ အနေနဲ့လည်း ဖြစ်နိုင်တာပေါ့။ ဒါမှမဟုတ်ရင်လည်း တခြားရည် ရွယ်ချက်တွေ ဘာတွေ ရှိရင်ရှိမှာပေါ့” ဟု ပြောသည်။
KIA တပ်မဟာ (၉)က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖားကန့်နှင့် မိုးကောင်းမြို့နယ်များရှိ စစ်ကောင်စီ လက်အောက်ခံ တပ်များကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဝိုင်းမော်မြို့နယ်ဘက်တွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာခြင်းဖြစ်သည်။
“အရင်တုန်းက KIA ဘက်ကလည်း တပ်မဟာ (၉)ဆို ဖားကန့်ဘက်မှာ ဖြစ်တာ တစ်ပိုင်းပေါ့။ အဲဒါပြီး တော့ တပ်မဟာ (၁) ပူတာအိုဘက်မှာ ဖြစ်တယ်ကြားတယ် အခုကတော့ တပ်မဟာတိုင်းမှာရှိတဲ့ လက်အောက်ခံတပ်ရင်းတွေ အားလုံးက သေနတ်စဖောက်တာ ပေါ့ဗျာ။ အခု ဆဒုံးမှာလည်း KIA က ဝင်တိုက်တဲ့ ပုံစံမျိုး ဖြစ်နေတာ။ ဖားကန့်မှာလည်း တစ်နေ့က ရဲစခန်းတို့ တပ်ရင်းတစ်ရင်းတို့ သွားပစ်တယ်။ အခု ကြိုးကြားကြိုးကြား သေနတ်သံတော့ မြည်နေတယ်။ ရပ်တာမျိုးတော့ မဟုတ်သေး ဘူး'” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက သုံးသပ်ပြောကြားသည်။
လတ်တလော တိုက်ပွဲဖြစ်ပွားမှုများသည် ပြည်သူများအားထိခိုက်ပါက လက်မခံနိုင်ကြောင်း အာဏာသိမ်းစစ်တပ်ကို အချက်ပြသည့် သဘောဖြစ်သည်ဟု KIA အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးတန်ဆန့်၏ ပြောကြားချက်ကို မြစ်ကြီးနားသတင်းဂျာနယ်တွင် ဖော်ပြထားသည်။