သတင်း

တစ်ပတ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များ ပစ်သတ်မှုကြောင့် အနည်းဆုံး ၁၈၀ ခန့် ကျဆုံး

 

မတ်လ ၁၄ မှ ၂၀ ရက်အထိ တစ်ပတ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် တစ်နိုင်ငံလုံးတွင် ကျဆုံးသူ အနည်းဆုံး ၁၈၀ ခန့်ရှိပြီဖြစ်သည်။

နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်မှ မတ်လ ၂၀ အထိ တစ်လခွဲအတွင်း ကျဆုံးသူ ၂၅၀ ကျော်ရှိရာ ယခုတစ်ပတ်အတွင်း ကျဆုံးသူမှာ အားလုံးပေါင်း၏ ၇၀ ရာခိုင်နှုန်းဖြစ်ပြီး အများဆုံးဖြစ်သည်။

မတ်လ ၁၄ လှိုင်သာယာဖြိုခွင်းမှုမှ ကျဆုံးသူ အနည်းဆုံး ၆၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာအချက်အလက်များအရ သိရသည်။ လှိုင်သာယာမြို့နယ်မှ ဒဏ်ရာရရှိသူများကို အခြားဆေးရုံများသို့ ပို့ဆောင်ခဲ့သည်လည်း ရှိသဖြင့် အဆိုပါပမာဏထက်လည်း များပြားနိုင်သည်။ 

ရန်ကုန်တွင် ကျဆုံးသူ ၁၁၅ ဦးမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ လှိုင် စသည့်မြို့နယ်များမှဖြစ်သည်။

ကျန်နယ်မြို့များအနေဖြင့် မန္တလေး၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မြင်းခြံ၊ မိုးကုတ်၊ ပခုက္ကူ၊ မုံရွာ၊ ကလေး၊ အောင်လံ၊ ကောလင်း၊ ချောင်းဦး၊ ဖားကန့်၊ ပုသိမ်၊ ကြို့ပင်ကောက်၊ ပဲခူး၊ မော်လမြိုင်၊ မြိတ်၊ တောင်ကြီး၊ အောင်ပန်း၊ လွိုင်ကော် စသည့် မြို့ပေါင်း ၂၀ မှ အနည်းဆုံး ပြည်သူ ၆၀ ကျဆုံးခဲ့သည်။

မကွေးတိုင်း ပခုက္ကူမြို့မှ အသက် ၃၉ နှစ်အရွယ် ကလေးသုံးယောက်မိခင် ဒေါ်မာလာဝင်းနှင့် ရန်ကုန်၊ လှိုင်မြို့နယ်မှ အသက် ၂၇ နှစ်အရွယ် အင်ဂျင်နီယာ ကိုမျိုးမြင့်အောင် တို့ကို လက်နက်ကိုင်များမှ ၁၉ ရက်နေ့ ညအချိန်တွင် ၎င်းတို့၏ နေအိမ်အနီးမှ ဖမ်းဆီးသွားပြီး နောက်နေ့တွင် အလောင်းသာ ပြန်ရခဲ့သည်။

လက်နက်ကိုင်များက ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်ကာ နောက်နေ့တွင် အလောင်းပြန်ပို့သည့်ဖြ စ်စဉ်များ ယခုလအတွင်း ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပြီး ဤနည်းဖြင့် အသတ်ခံရသူ ၆ ဦး ရှိပြီဖြစ်သည်။

သပိတ်စစ်ကြောင်းတွင် သေဆုံးသူများမှာ အလောင်းဖျောက်ခံရသည့် ဖြစ်စဉ်များလည်းရှိပြီး မန္တလေးမြို့တွင် မတ် ၁၁ နှင့် မတ် ၁၄ တို့တွင် ပစ်သတ်ခံရသော ဆယ်ကျော်သက် လူငယ်နှစ်ဦးမှာ အလောင်းပြန်မရဘဲ မိသားစုဝင်များက နာရေးပို့ဆောင်ခဲ့ရသည်။

မတ် ၁၃ တွင်လည်း မန္တလေးမြို့ စိန်ပန်းသပိတ်ဖြိုခွဲရာ နေအိမ်တွင် ပုန်းအောင်းနေသူ လူငယ်များကို ကာကွယ်ရင်း ဦးခေါင်းကျည်ဆန်ထိမှန်ခဲ့သူ အသက် ၅၀ အရွယ် ဒေါ်ပြုံးကို ဆေးကုသမှုပေးနိုင်ရန် လူနာတင်ကားပေါ်သယ်ဆောင်စဉ် စစ်ကောင်စီလက်နက်ကိုင်များက အတင်းအဓမ္မဆွဲယူသွားပြီး ယနေ့အထိ သေမှန်းရှင်မှန်း မသိရသေးပေ။

ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် မတ် ၁၉ က ပစ်သတ်ခံရသူ ၁၁ ဦးအနက် ၆ ဦး၏ ရုပ်အလောင်းများကို ရဲနှင့်စစ်သားက ယူဆောင်သွားသဖြင့် သက်ဆိုင်ရာမိသားစုဝင်များ သင်္ဂြိုဟ်ခွင့်မရခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“ဒီလိုယုတ်မာပက်စက်နေတာကတော့ သူတို့မှာ ဒီတစ်နည်းပဲရှိတော့တယ်လို့ ကျွန်မမြင်တယ် ဒီတစ်နည်းနဲ့မှမနိုင်ရင် သူတို့မှာ နည်းလမ်းမရှိတော့ဘူး” ဟု ဥပဒေဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ဖမ်းဆီးခံရသူ၊ နှိပ်စက်ခံရသူများနှင့် သေဆုံးသူများအတွက် ဥပဒေကြောင်းအရ ဖြေရှင်း၍မရသဖြင့် အဆိုးဆုံး အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။

“သူတို့က လုံးဝကို ဥပဒေကို မထီမဲ့မြင်ပြုနေပြီ ဖမ်းဆီးထားတဲ့လူတွေကို ဥပဒေကြောင်းအရလိုက်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မလွယ်တော့ဘူး အခုဆိုရင် တရားရုံးတွေကိုပါ မထီမဲ့မြင်ပြုပြီး အမိန့်တွေထုတ်လာတယ်” ဟု အဆိုပါကျောင်းသူက ပြောသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ယနေ့အထိ သေဆုံးသူ ၂၅၀ ကျော်တွင် သေနတ်ဖြင့်ပစ်ပြီးပြီးချင်း လက်နက်ကိုင်များ အတင်းအဓမ္မခေါ်ဆောင်သွားမှုများရှိသဖြင့် သေဆုံးမှုအတွက် အချက်အလက်မရသောကြောင့် ယခုထက်ပိုသော အရေအတွက်ရှိနိုင်သည်။

စစ်ကောင်စီက လူမှုကယ်ဆယ်ရေးအသင်းများနှင့် CDM ဆရာဝန်၊ သူနာပြုများကို ဖမ်းဆီးမှုများ ရှိနေသောကြောင့် ဒဏ်ရာရသူများကို ပေါ်ပေါ်တင်တင် ဆေးကုသခွင့်မရှိဘဲ အခက်အခဲတွေ့နေရသည်။

“လူသားချင်း စာနာမှုမရှိတာ အရမ်းကို ရှုတ်ချစရာကောင်းတယ် သူတို့ရဲ့ ယုတ်မာပက်စက်မှုက ကွက်ကွက်ကွင်းကွင်း မြင်နေရတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် အသက် ၁၈ နှစ်မပြည့်သူ အနည်းဆုံး ၁၅ ဦးရှိကြောင်းသိရပြီး အငယ်ဆုံးမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသား မောင်ဇင်ကိုကိုသော်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဆိုသည်။  

 

Show More

Related Articles

Back to top button