အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်းမှုအပေါ်  မြန်မာကျောင်းသားရှင်းပြမှုကို ငြင်းဆန်သူ တက္ကသိုလ်နည်းပြ အရေးယူခံရ

စစ်အာဏာသိမ်းမှုအကြောင်း မြန်မာကျောင်းသား၏ ဖြေရှင်းချက်ကို ငြင်းဆန်ခဲ့သူ ကနေဒါနိုင်ငံမှ တက္ကသိုလ် နည်းပြတစ်ဦး အရေးယူခံခဲ့ရကြောင်း CBC သတင်းဌာနက ဖော်ပြသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက် ဖြတ်တောက်ခံထားရသည့်အတွက် စာမေးပွဲရက်ရွှေ့ပေးရန် မြန်မာကျောင်းသားက တင်ပြတောင်းဆိုခဲ့ရာတွင် အဆိုပါတက္ကသိုလ်နည်းပြက ငြင်းဆန်ကာ ‘Covid-19 ဖြစ်တာနဲ့ အင်တာနက်ပါ ပျက်သွားတာလား’ ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ 

“အင်တာနက်က Covid-19 ကြောင့် ပျက်တာ မဟုတ်ပါဘူး။ ကျနော်နေတဲ့ နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထား ပါတယ်။ လူအရောက် ၂၀၀ လောက်လည်း သေနတ်အပစ်ခံရလို့ အသက်ပေးလိုက်ရပါတယ်။ အာဏာသိမ်း အစိုးရ မနက်ဖြန်ကစပြီး အင်တာနက်တွေ ဖြတ်တောက်ဖို့ ကြေညာထားပါတယ်” ဟု မြန်မာကျောင်းသားက ပြန်လည်ရှင်းပြခဲ့သည်။

ကနေဒါနိုင်ငံတွင် ဒုတိယအကြီးဆုံးဖြစ်သော York တက္ကသိုလ်မှ အဆိုပါ နည်းပြဆရာက မြန်မာကျောင်းသား ၏ တောင်းဆိုမှုများကို ငြင်းဆိုလိုက်ပြီး စာမေးပွဲရလဒ်ဆုံးဖြတ်ရာတွင် ရက်ရွှေ့ပြောင်းခြင်းနှင့် အပြောင်းအလဲများ ရှိမည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ 

ထို့ပြင် “ဒါနဲ့လေ ဒီသင်တန်းနဲ့ ပတ်သက်လို့ရော မင်းနိုင်ငံနဲ့ ပတ်သက်လို့ရော မင်းပြောထားတဲ့ပုံအရ မင်းက လက်တွေ့ဘဝကို နားလည်ပုံမပေါက်ဘူး။ လူတွေက ဆန္ဒပြရုံနဲ့ သေနတ်အပစ်မခံရဘူး။ အကြောင်းရင်းက ဒီထက်ပိုနက်နဲတယ်” ဟုလည်း အဆိုပါ တက္ကသိုလ်နည်းပြက ဆက်လက်ပြောခဲ့သည်။ 

မြန်မာကျောင်းသားနှင့် တက္ကသိုလ်နည်းပြတို့ အပြန်အလှန်ပြောဆိုမှုသည် တစ်တန်းလုံးမြင်နိုင်သော အွန်လိုင်းမှ အဖွဲ့လိုက် chat တစ်ခုတွင် ဖြစ်သည်ဟု အတန်းဖော်ကျောင်းသားတစ်ယောက်ကို ကိုးကားလျက် CBC သတင်း ဌာနက ရေးသားသည်။

ထို့နောက်တွင် မြန်မာကျောင်းသားနှင့် နည်းပြဆရာတို့ အပြန်အလှန်ပြောဆိုမှုများသည် တက္ကသိုလ်မှ တာဝန်ရှိ သူများထံ ရောက်ရှိခဲ့သည့်နည်းတူ မတ် ၁၉ ရက်တွင်  မီဒီယာများမှတဆင့် လူမှုကွန်ရက်စာမျက်နှာများပေါ် ရောက်ရှိခဲ့သည်။ အဆိုပါ နည်းပြဆရာကို အတန်းတစ်ခုဆက်လက် ပို့ချခွင့်ပြုတော့မည် မဟုတ်ကြောင်း York တက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။ 

 မတ် ၁၈ ရက်ထုတ်ပြန်ခဲ့သော York တက္ကသိုလ်၏ ထုတ်ပြန်ချက်တွင် ကျောင်းသားနှင့် နည်းပြဆရာတို့ အပြန်အလှန်ပြောဆိုမှုသည် ကျောင်းသားကျောင်းသူအရေးအတွက် အလွန်အရေးကြီးကြောင်း ဖော်ပြထား သည်။ 

နည်းပြဆရာ၏ ပြောဆိုမှုများသည် တက္ကသိုလ်က လက်ကိုင်ထားသော တန်ဖိုးများနှင့် မညီကြောင်းလည်း ဆိုထား ပြီး တက္ကသိုလ်၏ စီနီယာဝန်ထမ်းများက ကျောင်းသားနှင့် အဆက်အသွယ်ပြုပြီး လိုအပ်သည်များကို စီစဉ်ပေး မည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။

“York University သည် အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှု၊မတူကွဲပြားမှု နှင့် ပူးပေါင်းပါဝန်မှု အစရှတဲ့  တန်ဖိုးတွေကို လက်ကိုင်ကျင့်သုံးရန်နှင် အားပေးရန် ဆန္ဒထက်သန်ပါသည်” ဟု တက္ကသိုလ်တာဝန်ရှိသူက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။ 

တက္ကသိုလ်၏ ထုတ်ပြန်ချက် နည်းပြဆရာ၏ နာမည်နှင့် အပြန်အလှန်ပြောဆိုမှုကို အတိအလင်း ဖော်ပြခဲ့ချင်း မရှိသည့်အပြင် သင့်လျော်သော လုပ်ဆောင်မှုများကို စတင်ပြီးဖြစ်ကြောင်း ဖော်ပြထားသော်လည်း နည်းပြ ဆရာအား မည်သို့အရေးယူထားသည်ကို အတိအကျ ဖော်ပြထားခြင်း မရှိဟု သတင်းက ဆိုသည်။ 

ကိုးကား − CBC 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button