အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာ၌ စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ (မတ် ၂၁) နံနက်ပိုင်းက ဗိုလ်တေဇလမ်းပေါ်၌ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်ရန် အတားအဆီး များပြုလုပ်နေစဉ် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ဖြိုခွင်း သဖြင့် အမျိုးသားတစ်ဦးတစ်ဦး ကျဆုံးခဲ့ကြောင်း မြို.ခံ ဆရာဝန်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

သေဆုံးသူ ကိုမင်းမင်းဇော်ဆိုသူဖြစ်ပြီး မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း၌ ရှေ့တန်းမှ ပါဝင်နေသူတစ်ဦးဖြစ်ကာ စစ်ကောင်စီလက်နက်ကိုင်များပစ်ခတ်မှုကြောင့် ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူများရှိသော်လည်း အသေးစိတ်အချက်အလက်ကိုမူ အတည်မပြုနိုင်သေးပေ။

အဓိကလမ်းမကြီးများတွင် ဆန္ဒထုတ်ဖော်၍မရအောင် အကြမ်းဖက်အုပ်စုမှတပ်ဖွဲ့ဝင်များက လက်နက်ကိုင်၍ တင်းကျပ်ထားသည့်အတွက် ရပ်ကွက်အတွင်း လမ်းများကို အသုံးပြု၍ မုံရွာ​ဒေသခံပြည်သူများက ​နေ့စဉ်ဆန္ဒထုတ်​ဖော်​နေကြသည်။ ထို့ပြင် အကြမ်းဖက်တပ်ဖွဲ့ဝင်များ လာ​ရောက်ပါက အထိအခိုက်နည်း​စေရန် အတားအဆီးများ လမ်းအလိုက်ပြုလုပ်ထားရာ အကြမ်းဖက်အဖွဲ့၏ လက်နက်ကိုင်များက ယ​နေ့နံနက်တွင် ဗိုလ်​တေဇလမ်းသို့ အတားအဆီးများကို လာ​ရောက်ဖယ်ရှားရင်း ပြည်သူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယ​နေ့နံနက်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲများကို မုံရွာမြို့၌ ဆက်လက်ပြုလုပ်ခဲ့ပြီး ပင်မသပိတ်စစ်​ကြောင်းမှာ သလ္လာရပ်ကွက်တွင် ငြိမ်းချမ်းစွာဆန္ဒပြ​ခဲ့သည်။ ဗိုလ်​တေဇလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး​နောက် ​ဆန္ဒပြပွဲများကိုလူစုခွဲခဲ့သည်။ မုံရွာမြို့တွင် ​ဖေ​ဖော်ဝါရီ ၇ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲများ ​နေ့စဉ် ပြုလုပ်ခဲ့ရာ ရက်ပေါင်း ၄၃ရက်ရှိပြီဖြစ်သည်။

မုံရွာတွင် ယနေ့ကျဆုံးခဲ့​သော လူငယ်အပါအဝင် စစ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်အုပ်စုက ​သေနတ်ဖြင့် ပစ်သတ်ခံ့ရ၍ သေဆုံးသူ ၁၂ ဦးရှိလာပြီဖြစ်သည်။ အကြမ်းဖက်အုပ်စု၏ပစ်ခတ်သတ်ဖြတ်မှု​ကြောင့် ​ဖေ​ဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၀ အထိ အနည်းဆုံး ပြည်သူ ၂၄၇ ဦးကျဆုံးခဲ့ပြီဖြစ်​ကြောင်း နိုင်ငံ​ရေးအကျဉ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်းက ယ​နေ့ထုတ်ပြန်ထားသည်။

အသတ်ခံရပြီး ​ပျောက်ဆုံး​နေသူ၊ အသတ်ခံရ​သော်လည်း သတင်းအချက်အလက်မရသူ များစွာရှိ​နေသဖြင့် အမှန်တကယ်အသတ်ခံရ​သော ပြည်သူအ​ရေအတွက်မှာ ထို့ထက်များစွာပိုနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button