
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ (မတ် ၂၁) နံနက်ပိုင်းက ဗိုလ်တေဇလမ်းပေါ်၌ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်ရန် အတားအဆီး များပြုလုပ်နေစဉ် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ဖြိုခွင်း သဖြင့် အမျိုးသားတစ်ဦးတစ်ဦး ကျဆုံးခဲ့ကြောင်း မြို.ခံ ဆရာဝန်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။
သေဆုံးသူ ကိုမင်းမင်းဇော်ဆိုသူဖြစ်ပြီး မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း၌ ရှေ့တန်းမှ ပါဝင်နေသူတစ်ဦးဖြစ်ကာ စစ်ကောင်စီလက်နက်ကိုင်များပစ်ခတ်မှုကြောင့် ဦးခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူများရှိသော်လည်း အသေးစိတ်အချက်အလက်ကိုမူ အတည်မပြုနိုင်သေးပေ။
အဓိကလမ်းမကြီးများတွင် ဆန္ဒထုတ်ဖော်၍မရအောင် အကြမ်းဖက်အုပ်စုမှတပ်ဖွဲ့ဝင်များက လက်နက်ကိုင်၍ တင်းကျပ်ထားသည့်အတွက် ရပ်ကွက်အတွင်း လမ်းများကို အသုံးပြု၍ မုံရွာဒေသခံပြည်သူများက နေ့စဉ်ဆန္ဒထုတ်ဖော်နေကြသည်။ ထို့ပြင် အကြမ်းဖက်တပ်ဖွဲ့ဝင်များ လာရောက်ပါက အထိအခိုက်နည်းစေရန် အတားအဆီးများ လမ်းအလိုက်ပြုလုပ်ထားရာ အကြမ်းဖက်အဖွဲ့၏ လက်နက်ကိုင်များက ယနေ့နံနက်တွင် ဗိုလ်တေဇလမ်းသို့ အတားအဆီးများကို လာရောက်ဖယ်ရှားရင်း ပြည်သူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို မုံရွာမြို့၌ ဆက်လက်ပြုလုပ်ခဲ့ပြီး ပင်မသပိတ်စစ်ကြောင်းမှာ သလ္လာရပ်ကွက်တွင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည်။ ဗိုလ်တေဇလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆန္ဒပြပွဲများကိုလူစုခွဲခဲ့သည်။ မုံရွာမြို့တွင် ဖေဖော်ဝါရီ ၇ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ် ပြုလုပ်ခဲ့ရာ ရက်ပေါင်း ၄၃ရက်ရှိပြီဖြစ်သည်။
မုံရွာတွင် ယနေ့ကျဆုံးခဲ့သော လူငယ်အပါအဝင် စစ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်အုပ်စုက သေနတ်ဖြင့် ပစ်သတ်ခံ့ရ၍ သေဆုံးသူ ၁၂ ဦးရှိလာပြီဖြစ်သည်။ အကြမ်းဖက်အုပ်စု၏ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၀ အထိ အနည်းဆုံး ပြည်သူ ၂၄၇ ဦးကျဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ထုတ်ပြန်ထားသည်။
အသတ်ခံရပြီး ပျောက်ဆုံးနေသူ၊ အသတ်ခံရသော်လည်း သတင်းအချက်အလက်မရသူ များစွာရှိနေသဖြင့် အမှန်တကယ်အသတ်ခံရသော ပြည်သူအရေအတွက်မှာ ထို့ထက်များစွာပိုနိုင်ပါသည်။