
မကွေးတိုင်း ပခုက္ကူမြို့တွင် ယမန်နေ့ (မတ် ၁၉) ညပိုင်းက ညသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကလေးသုံးယောက်မိခင်တစ်ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ယနေ့နံနက်တွင် အလောင်းလာထုတ်ရန် မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ် ဒေါ်မာလာဝင်းမှာ ယမန်နေ့ ညပိုင်းတွင် ညသပိတ်ဆင်နွှဲနေစဉ် စစ်ကောင်စီလက် နက်ကိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ယနေ့ (မတ် ၂၀) နံနက်ပိုင်းတွင် ပခုက္ကူမြို့အထွေထွေဆေးရုံ ရင်ခွဲရုံ၌ အလောင်းလာယူရန် အကြောင်းကြားလာခြင်း ဖြစ်သည်။
“သူ့အိမ်ရှေ့မှာပဲ အပစ်ခံရတာ။ အခုသေတာလည်း လက်သီးလေးတွေကို ဆုပ်လို့ လက်သီးဆုပ်လေးတောင် မဖြည်ဘူး” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက Myanmar Now ကို ပြောသည်။
ပေါင်တွင်ကျည်ဆန်ထိမှန်ပြီး မပြေးနိုင်တော့သည့် ဒေါ်မာလာဝင်းကို စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဖမ်းခေါ်သွားခြင်းဖြစ်ပြီး အလောင်းပြန်ရချိန်တွင် ဒေါ်မာလာဝင်း၏ ပေါင်မှာ အရိုးကျိုး သည်အထိ ဒဏ်ရာပြင်းထန်ပြီး မျက်နှာတွင်လည်း နှိပ်စက်ရိုက်နှက်ထားသည့် ဒဏ်ရာများ တွေ့ရသည် ဟု ဆိုသည်။
စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သူ ဒေါ်မာလာဝင်းသည် လက်လုပ်လက်စား ဆင်းရဲနွမ်းပါးသူတစ်ဦး ဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ အသက် ငါးနှစ်အရွယ် သားတစ်ယောက်၊ ဆယ်တန်းနှင့် ငါးတန်းကျောင်း သူ သမီးနှစ်ယောက်ကျန်ရစ်ခဲ့ကြောင်း အထက်ပါ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
“တော်တော်လေး ဆိုးရွားလွန်းပါတယ်။ ကျွန်မတို့ပြည်သူတွေ ကြောက်လန့်နေရတယ်။ ခံစားရတယ်။ ညစဉ်ညစဉ်လည်း မလုံခြုံဘူး” ဟု ၎င်းက ဆိုသည်။
ယမန်နေ့ညပိုင်း ပခုက္ကူညသပိတ် အကြမ်းဖက်ဖြိုခွင်းစဉ်အတွင်း အမှတ်(၁) ရပ်ကွက်မှ လူ ၇ ဦးဖမ်းဆီး ခံရပြီး ၎င်းတို့ထဲမှ ဒဏ်ရာပြင်းထန်သူ နှစ်ဦးရှိကြောင်း၊ အဖမ်းခံရသူများ မည်သည့်နေရာတွင် ရောက်ရှိ နေသည်ကိုလည်း ယခုထိ မသိရသေးကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ဒေါ်မာလာဝင်း၏ ရုပ်အလောင်းကိ မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် မီးသင်္ဂြိုဟ်မည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များသည် ပြည်သူလူထုကို အကြမ်းဖက် ဖမ်းဆီးရိုက်နှက်သည့် ဖြစ်စဉ်များတွင် ဖမ်းဆီးခံရသူများမှာ နောက်နေ့တွင် အလောင်းသာပြန်ရသည့် ဖြစ်ရပ်များ ယခုလတွင် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။
အကြမ်းဖက်ဖမ်းဆီးပြီးနောက် အလောင်းပြန်ပို့သည့် ဖြစ်စဉ်များအနေဖြင့် ယခုလအတွင်း ရန်ကုန်တိုင်း ရွှေပြည်သာ၊ ပန်းဘဲတန်း၊ လှိုင် မြို့နယ်များတွင် NLD ပါတီဝင် သုံးဦး၊ မန္တလေးမြို့တွင် တစ်ဦးနှင့် ယမန် နေ့ညက ရန်ကုန်၊ လှိုင်မြို့နယ်တွင် တစ်ဦးရှိသည်။