အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးကုတ်တွင် မတ် ၁၉ ညပိုင်း ပစ်ခတ်မှုကြောင့် ရပ်ကွက်ကင်းသမားတစ်ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ယမန်နေ့ (မတ် ၁၉) ညပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးကာ အခြားသူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် ကိုနိုင်လင်းအောင်ဖြစ်ပြီး ရပ်ကွက် အတွင်းလုံခြုံရေးကင်းစောင့်​နေချိန် သေနတ်ဖြင့်ပစ်သတ်ခံရသဖြင့်  ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးခဲ့ရ ခြင်းဖြစ်သည်။  

ယင်းအပြင် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသည်လည်း ခေါင်းနှင့် ဝမ်းဗိုက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုပြုလုပ်နိုင်ရန် မြို့ခံလူမှုကူညီရေးအသင်းက ပြင်ဦးလွင် စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ 

“နေ့ခင်းမှာ သပိတ်ကို ဖြိုခွင်းတာမျိုး၊ ဖမ်းဆီးတာမျိုးတွေ အရင်က ရှိခဲ့ပေမဲ့ ညအချိန်မှာ ကျည်အစစ် တွေနဲ့ ပစ်သွားတာဆိုတော့ ညတွေမှာ လုံခြုံရေးပိုသတိထားဖို့ လိုလာသလို မနေ့ညကဆိုရင် တိုက်ပွဲ တစ်ခုမှာ ပစ်ခတ်နေသလိုမျိုး အဆက်မပြတ်ပစ်သွားတာ” ဟု မိုးကုတ်မြို့ခံ ဦးမြင့်က Myanmar Now ကို ပြောသည်။  

မိုးကုတ်မြို့တွင် ယမန်နေ့ညက ပစ်ခတ်မှုနှင့် ပတ်သက်၍ လယ်ဦးရပ်ကွက်သို့ ဖြတ်သန်းချိန် ရပ်ကွက်လ မ်းထိပ်၌ကာထားသော အတားအဆီး များကို ဖယ်ရှားပေးရန် ရပ်ကွက်ကင်းသမားများနှင့် ပြောဆိုချိန် ကတောက်ကဆတ်ဖြစ်ခဲ့သဖြင့် ယခုလိုပစ်ခတ်ခဲ့ခြင်းဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

သို့ရာတွင် ဖေ့ဘုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဗီဒီယိုဖိုင်များနှင့် မျက်မြင်တို့၏ ပြောပြချက်အရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် စီးလာသောကားပေါ်က ဆင်းကာ ရပ်ကွက်အတွင်းရှိ ကင်းသမားများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မတ် ၁၉ ည ၁၁ နာရီတွင် မိုးကုတ်မြို့အတွင်းသို့ဝင်ရောက်ကာ သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီးနောက် ၁၁ ခွဲ၌ ပြန်လည်ထွက်သွားကြသည်ဟု သိရသည်။  

သေဆုံးသွားသူ ကိုနိုင်လင်းအောင်၏ ရုပ်အလောင်းကို မိုးကုတ်ဆေးရုံရေခဲတိုက်တွင် ထားရှိပြီး နာရေးအခမ်းအနား ယနေ့ မွန်းတည် ၁၂ နာရီတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက မိုးကုတ်ဆေးရုံရှေ့သို့ ရောက်လာပြီး မိသားစုဝင်များမှအပ မသက်ဆိုင်သောသူများ နာရေးလိုက်မပို့ရန်၊ လူစုလူဝေးမလုပ်ရန်နှင့် ရပ်ကွက်လမ်းထိပ်များတွင် ကာရံထားသော အတားအဆီးများ ဖယ်ရှားပစ်ရန် နံနက် ၁၁ နာရီကတည်းက သတိပေးလျက်ရှိသည်ဟု သိရသည်။ 

မိုးကုတ်မြို့တွင် အာဏာရှင်ဆန့်ကျင်ရေးအတွက် နေ့ခင်းဘက်ရော ညဘက်တွင်ပါ ဆန္ဒပြလျက်ရှိရာ ရေပူဆရာတော်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၀ ဦးခန့်ရှိပြီး ပစ်ခတ်ဖြိုခွင်းခံရမှုများကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button