မြန်မာနိုင်ငံတွင် နေ့စဉ် ည ၁ နာရီမှ နံနက် ၉ နာရီအထိ အင်တာနက်ပိတ်ပင်ထားသည်မှာ တစ်လကျော်ရှိလာပြီ ဖြစ်သည်။ တနင်္လာနေ့ (မတ် ၁၅) မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းအင်တာနက်များပါ ဖြတ်တောက်ခဲ့ပြီးနောက် ယခုအခါ WiFi အင်တာနက်များပါ ပိတ်ပင်ထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် အင်တာနက်ပိတ်ရန် အဆင့်ဆင့်သော ညွှန်ကြားချက်များအပြင် IP Address များနှင့် VPN (Virtual Private Network) ခေါ် တစ်ဆင့်ခံနက်ဝပ်များကိုပါ ပိတ်ပင်ခိုင်းသည့် ညွှန်ကြားချက်များ နေ့စဉ်ပေးပို့လျက်ရှိကြောင်း မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီတစ်ခုမှ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက Myanmar Now ကိုပြောသည်။
“အင်တာနက်ဖြတ်ခိုင်းတဲ့စာ (စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားစာ) တွေက ခုနောက်ပိုင်း ညတိုင်းလာတယ်။ ၇ နာရီလောက်ဆို ပို့ပြီ။ အခု ပိတ်ခိုင်းထားတဲ့ IP Address တွေအများ ကြီး ထောင်ချီရှိတယ်။ အင်တာနက်နှေးသွားတာက Bandwidth လျော့သွားလို့မဟုတ်ဘူး။ အဲလို IP Address တွေအများကြီးပိတ်ခိုင်းထားတော့ အင်တာနက်စီးဆင်းမှု နှေးသွားတာပဲ” ဟု ၎င်းက ပြောသည်။
အင်တာနက် ဖြတ်တောက်ပိတ်ပင်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီက ကြိုတင်အသိပေးလေ့ မရှိဘဲ အချိန်နီး ကပ်မှသာ အကြောင်းကြားခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့ နံနက်ပိုင်းတွင် မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ရန် တနင်္ဂနွေ့နေ့ည ၁၁ နာရီအချိန်ခန့်တွင်မှ ညွှန်ကြားချက်ပေးပို့လာခြင်းဖြစ်ကြောင်းလည်း မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီကြီးမှ အဆိုပါတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီက နေ့စဉ် VPN စာရင်းများပေးပို့ကာ ပိတ်ခိုင်းနေသည်မှာ မှန်ကန်ကြောင်း အခြားမိုဘိုင်း ဆက်သွယ်ရေးကော်ပရေတာ ကုမ္ပဏီကြီးတစ်ခုမှ ဆက်သွယ်ရေးအင်ဂျင်နီယာတစ်ဦးက ထပ်မံအတည်ပြု သည်။
“အရင်ကတော့ Department Manager (ဌာနမန်နေဂျာ) အဆင့်တွေအထိ ညွှန်ကြားချက်တွေ လာတယ်။ နောက်ပိုင်း Leak (ပေါက်ကြား) ဖြစ်လာလို့ ကုမ္ပဏီထိပ်ပိုင်းအဆင့်ကနေ တိုက်ရိုက်နှုတ်နဲ့ ခိုင်းတော့တယ်။ အခုဆို ဖွင့်တာပိတ်တာ နာရီပိုင်းပဲ ကြိုသိတယ်။ ဖုန်းနဲ့ပဲ အကြောင်းကြားတယ်။ နာရီပိုင်းပဲ” ဟု အထက်ပါ အင်ဂျင်နီယာက Myanmar Now ကို ပြောသည်။
နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိမချင်း Wi-Fi စနစ် အင်တာနက်ဝန်ဆောင်မှုများကို ပိတ်ပင်ထားရန် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မတ် ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသော စာတစ်စောင်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပေါ်ထွက်ခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော အထက်ပါညွှန်ကြားချက်နှင့် မရှေးမနှောင်းမှာပင် မမျှော်လင့်သော အခက်အခဲ များကြောင့် အလွယ်တကူ ငွေဖြည့် အသုံးပြုနိုင်သော အင်တာနက်ဝန်ဆောင်မှုများဖြစ်သည့် အဝသုံး Pack များ၊ ဒေတာ Pack များနှင့် အိမ်ပြင်သုံးကတ်များ ဝန်ဆောင်မှုပေးခြင်းကို အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း Myanmar Net က ကြေညာခဲ့သည်။
သို့သော် လစဉ်ကြေးပေးသွင်း၍ သီးသန့်စက်ဖြင့်အသုံးပြုရသည့် အစီအစဉ်များ မပါဝင်ကြောင်း လှုမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်သော Viber မှတဆင့်ထုတ်ပြန်ခဲ့သည့် Myanmar Net ၏ ကြေညာချက်က ဆိုသည်။
ပြည်တွင်းအခြေစိုက် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ (ISP) တစ်ခုဖြစ်သော Frontiir ကုမ္ပဏီ (Myanmar Net) မှ ဘရော့ဘန်းအင်တာနက်စနစ် (WBB – LTE) ရယူသုံးစွဲနေသော လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးကမူ လက်ရှိအချိန်အထိ အင်တာနက်ရနေသေးကြောင်း ပြောသည်။
လတ်တလော စစ်ကောင်စီက ပိတ်ခိုင်းထားသည့် အင်တာနက်အမျိုးအစားများမှာ မိုဘိုင်းအင်တာနက်များနှင့် WiFi နည်းပညာအားဖြင့် ဧရိယာအလိုက် လွှမ်းခြုံပေးသည့် အင်တာနက်ဝန်ဆောင်မှုများသာ ဖြစ်ကြောင်း အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ (ISP) မှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
“အခုပိတ်တာက အဓိကတော့ ရွေ့လျားအသုံးပြုလို့ရတဲ့ အင်တာနက်အမျိုးအစားတွေပါ။ Ooredoo WBB (အူရီဒူးဘရော့ဘန်းစနစ်)၊ Anada နဲ့ Myanmar Net လို Fixed အင်တာနက်တွေ၊ လုပ်ငန်းတွေ DIA တွေ (Direct Internet Access) တွေ ပိတ်ခိုင်းတာ မရှိသေးဘူးဗျ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး မိုဘိုင်းအင်တာနက်များမှာ မတ် ၁၅ ရက်မှစ၍ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြတ်တောက်နေဆဲဖြစ်ပြီး Fixed အင်တာနက်ဝန်ဆောင်မှုကို လူအများစုသုံးစွဲ နိုင်ခြင်း မရှိသောကြောင့် အင်တာနက်မှတဆင့် သတင်းအချက်အလက်များ သိရှိရန်နှင့် အခြားသော ဝန်ဆောင်မှု ရရှိနိုင်ရန် အကန့်အသတ်ရှိနေသည်။
မြို့ကြီးများတွင် လူသုံးအများဆုံး အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Foodpanda က မတ် ၁၄ ညပိုင်းတွင် ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတစ်ခုကို ကိုးကားလျက် အင်တာနက်ပြတ်တောက်မည့်အကြောင်း ၎င်း၏ဖောက်သည်များထံ အကြောင်းကြားခဲ့သည်။
“မိုဘိုင်းအင်တာနက်မရတော့ အရင်လို ထသွားထလာ အင်တာနက်မရှိတော့ဘူး။ ကိုယ့်ဖုန်းလေးနဲ့ သွားလေရာ အင်တာနက်မရနိုင်တော့ဘူးပေါ့” ဟု နေအိမ်၌ FTTH အင်တာနက်ဝန်ဆောင်မှု ရယူသုံးစွဲနေသူ မန္တလေးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် မီဒီယာကို နှိပ်ကွပ်ထားခြင်းဖြင့် မြန်မာစစ်တပ်၏ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်များကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံသံအမတ်ကြီးများက ယမန်နေ့ (မတ် ၁၉) တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဒိန်းမတ်၊ ချက်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ သံအမတ်ကြီးများ ပူးပေါင်းလက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှ ယမန်နေ့ (၁၉) အထိ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်း ဖက်ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၂၃၅ ဦးရှိပြီဖြစ်ကာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထား ရသူ ၂၃၀၀ ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။