အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူ့အခွင့်အရေးချိုးဖောက်မှုသက်သေများ UN က စုဆောင်းနေမှု က​နေဒါနှင့် ဆွစ်ဇာလန် ထောက်ခံ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇဝတ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာဝန်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇဝတ်မှုကျူးလွန်မှုအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ mountain741@protonmail.com သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button