မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်ဟာ သံဃာအပါး ၅ဝဝ နီးပါး သီတင်းသုံးတယ်ဆိုပေမယ့် ရဟန်းတစ်ပါးတလေရဲ့ အရိပ်အယောင်တောင် မမြင်ရလောက်အောင် ရှင်းလင်းနေပါတယ်။ စာသင်သားသံဃာများ စာအံသံက ညနေခင်းအိပ်တန်းပြန် ကျေးငှက်တွေရဲ့ အော်မြည်သံတွေနဲ့ ပေါင်းစပ် ထွက်ပေါ်နေပါတယ်။
မြစေတီပရိယတ္တစာသင်တိုက်ဟာ ၉၆၉ အဖွဲ့ သို့မဟုတ် သာသနပါလဂန္တဝါစကအဖွဲ့ အစပြုတဲ့ နေရာပါ။ ၉၆၉ အဖွဲ့လှုပ်ရှားမှုတွေဟာ မဘသလို့ ထင်ရှားလာမဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ ပေါ်ပေါက်မလာခင် ဖြစ်ပေါ်လာတဲ့ ခြေလှမ်းတွေပါပဲ။
မဘသဗဟိုရဲ့ အတွင်းရေးမှူးတာဝန်ယူထားတဲ့ ဒီကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော် ဦးဝိမလဗုဒ္ဓိဟာ အမျိုးသားရေးပြဿနာတွေနဲ့ ပတ်သက်ရင် သဘောထားတင်းမာသူလို့လည်း လူသိများပါတယ်။ ဆရာတော်နဲ့ သူ့ကျောင်းတိုက်က သံဃာတော်တွေကတော့ တစ်ချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့ကြသူတွေပါ။
“သူ မော်လမြိုင်ကိုလာတုန်းက ဘယ်သူတွေက ထွက်ကြိုခဲ့ကြသလဲ။ ဒီကျောင်းက သံဃာတော်တွေကပဲ ဒီလမ်းကနေ အပြည့်ကြိုခဲ့ကြတာ။ ဒီကျောင်းရှေ့လမ်းကနေ အပြည့်ထွက်ပြီး သူ့ကို ထွက်ကြိုခဲ့ကြတာ” လို့ ဆရာတော်က ကျောင်းတိုက်အပြင်ဘက် ကျိုက်ခမီလမ်းမကို ညွှန်ပြရင်း မိန့်ပါတယ်။
အခုတော့ သဘောထား ပြောင်းလဲသွားပါပြီ။ ရွေးကောက်ပွဲအလွန် NLD သာ အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေးပိုင်းတွေ ကမောက်ကမဖြစ်သွားမှာ စိုးရိမ်ကြောင်း ဦးဝိမလဗုဒ္ဓိက မိန့်ပါတယ်။
“ဘာမှမလုပ်ဖူးတဲ့လူက နိုင်ငံတော်ကို တက်အုပ်ချုပ်မယ်ဆိုတော့ အတိုက်အခံက ဘယ်သူဖြစ်သွားမလဲ၊ ကြံ့ခိုင်ရေးဖြစ်သွားမယ်။ အဲဒီနောက်မှာ ဘယ်သူရှိလဲ၊ စစ်တပ်ရှိတယ်။ ငါတို့က အဲဒါမြင်တာ။ တိုင်းပြည်အတွက်မြင်တာ။ သူ့ကို မုန်းလို့မဟုတ်ဘူး။ သူအရွယ်မရောက်ဘဲနဲ့ လင်ရသွားတဲ့ အမျိုးသမီးလို ဖြစ်သွားမယ်” လို့ ဆရာတော်ဦးဝိမလဗုဒ္ဓိက မိန့်ပါတယ်။
ဘုန်းကြီးကျောင်းထဲမှာပဲ သီတင်းသုံးနေပေမယ့် ဆရာတော်က မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေနဲ့ မျက်ခြည်ပြတ်ပုံမရဘူး။ လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေးစီမံကိန်းဒေသ ပဋိပက္ခ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူလိုက်ခြင်းဟာ မှားတယ်၊ သမ္မတဦးသိန်းစိန်တို့အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလိုက်တာပဲလို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော်ရဲ့ အမြင်တစ်ခုကတော့ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ နှစ်ပေါင်း ၄ဝ ကျော် ဝေးကွာခဲ့ရတာဖြစ်လို့ ဒီမိုကရေစီစိတ်ဓာတ်တွေ စနစ်တကျ တည်ဆောက်သွားဖို့ လိုနေသေးတယ် ဆိုတာပါပဲ။
သူချောင်းဟန့်လိုက်ချိန်မှာ သံဃာငယ်တစ်ပါးက ထိုင်ခုံအောက်မှာ အသင့်ရှိနေတဲ့ ထွေးခံကို ယူပေးလိုက်ပါတယ်။
ကလေးများအတွက် အချိန်ပိုင်းသင်တန်း၊ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဋ္ဌာန်းပေးလိုက်တဲ့ မျိုးစောင့်ဥပဒေတွေဟာ အရေးပါတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ငါတို့က ဓမ္မစကူးနဲ့ ကလေးတွေရဲ့ စိတ်ဓာတ်ကို ပြင်ဆင်ပေးမယ်။ လူကြီးတွေရဲ့ လုပ်ငန်းတွေကိုတော့ မျိုးစောင့်ဥပဒေနဲ့ ကာကွယ်ပေးမယ်” လို့ ဆရာတော်က နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့တဲ့ မြစေတီကျောင်းအပြင်ဘက် မှောင်ရီပျိုးစ မြင်ကွင်းတွေကို ကြည့်ငေးရင်း မိန့်လိုက်တဲ့ အသံက အိပ်တန်းပြန်ငှက်တို့ရဲ့ အော်မြည်သံတွေအကြား ရောထွေးသွားပါတယ်။
မျိုးစောင့်ဥပဒေနဲ့ နိုဝင်ဘာရွေးကောက်ပွဲ
ရွေးကောက်ပွဲမတိုင်ခင်မှာ သမ္မတဦးသိန်းစိန်က အမျိုးစောင့်ဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲဝင်မယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေကလည်း အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မှာ ဖြစ်တဲ့အကြောင်း မဲဆွယ်စည်းရုံးပွဲတွေမှာ မကြာခဏ ပြောကြားလေ့ရှိပါတယ်။
သမ္မတရဲ့ အကြံပေးဟောင်း ဦးနေဇင်လတ် ဦးဆောင်နေတဲ့ အမျိုးသားတိုးတက်ရေးပါတီ (NDP) ကလည်း အမျိုးစောင့်ဥပဒေကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း မကြာသေးခင်က မော်လမြိုင်မြို့ မဲဆွယ်ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ NDP ပါတီရဲ့ မဲဆွယ်ယာဉ်တန်းက ကားတွေမှာ အမျိုးစောင့်ဥပဒေကို ပြတ်ပြတ်သားသား ထောက်ခံပါသည် လို့ ရှင်းရှင်းလင်းလင်း ရေးသားထားတာ တွေ့ရပါတယ်။
မဘသခေါင်းဆောင် ဦးဝိမလဗုဒ္ဓိကတော့ ပါတီတချို့ရဲ့ အဲဒီလို ရပ်တည်ချက်တွေကို ကြိုဆိုလိုက်ပါတယ်။
“အမျိုးစောင့်ဥဒေကို ထောက်ခံပါတယ်ဆိုပြီး ပါတီတချို့က ပြောတယ်ဆိုတာကတော့ သူတို့ထောက်ခံတဲ့အပိုင်း သူတို့ပြောသွားတာပဲလေ။ ပါတီတိုင်းလည်း ပြောနိုင်တာပဲ။ ပြောချင်တဲ့ပါတီက ပြောကြပေါ့။ NLD ကလည်း ပြောနိုင်တာပဲ”လို့ သူက လေသံ ခတ်ပြတ်ပြတ်နဲ့ မိန့်ပါတယ်။
မဘသဟာ အစိုးရလက်ဝေခံလား
မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရသည့် နည်းလမ်းကို မလွှဲမရှောင်သာ ရွေးချယ်ရတဲ့အခါမှာတော့ အစိုးရရဲ့ လက်ကိုင်တုတ်ဆိုပြီး စွပ်စွဲခံရကြောင်း ဆရာတော်က မှတ်ချက်ချပါတယ်။
“ငါတို့အဖွဲ့က အဲဒီမျိုးစောင့်ဥပဒေလုပ်ဖို့ စီစဉ်တဲ့အခါမှာ အောင်ဆန်းစုကြည်ကို ဖိတ်တယ်။ သုံးခါလုံး သူကပယ်ချတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဖိတ်တယ်။ ဦးဋ္ဌေးဦး (လက်ရှိ ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဋ္ဌ)က လာတယ်” လို့ ဦးဝိမလဗုဒ္ဓိက ရှင်းပြ မိန့်ကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီး ညှိနှိုင်းမယ်ဆိုရင် မျိုးစောင့်ဥပဒေများရဲ့ အနေအထားက တစ်မျိုးတစ်ဖုံဖြစ်သွားမယ်လို့ ဆရာတော်က မိန့်ပါတယ်။
အစိုးရနဲ့ စစ်တပ်ရဲ့ အထောက်အပံ့ကိုယူပြီး မဘသဦးဆောင်ဆရာတော်တွေက ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်သွားပြီလို့ ထင်မြင်ယူဆနေသူတွေဟာ စဉ်းစားချင့်ချိန်နိုင်မှု အလွန်နည်းပါးတဲ့ လူတွေပဲဖြစ်ကြောင်း မြစေတီကျောင်းတိုက်က သက်တော် ၄ဝခန့် အရွယ် အရှင်သုစိတ္တသာရက ဝေဖန်ပါတယ်။
မဘသ ဥက္ကဋ္ဌ ဦးတိလောကာဘိဝံသဟာဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
“ဒီဆရာတော်ကြီးတွေက သံဃာတွေကို နှိပ်စက်ခဲ့တဲ့၊ ညှဉ်းပန်းနှိပ်စက်ခဲ့ဖူးတဲ့၊ တိုင်းသူပြည်သားတွေအပေါ်မှာလည်း ဗိုလ်ကျခဲ့ဖူးတဲ့၊ သမိုင်းဆိုးတွေရှိခဲ့ဖူးတဲ့ အဖွဲ့အစည်းကို ထောက်ခံပြီးတော့ လူမိုက်အားပေးလုပ်မယ့် ဆရာတော်ကြီးတွေလား” လို့ ရန်ကုန်ကမ္ဘာအေးပါဠိတက္ကသိုလ်၊ သီရီလင်္ကာနိုင်ငံတို့ကနေ ဗုဒ္ဓစာပေနဲ့ MA ဘွဲ့ ရရှိခဲ့သူ အရှင်သုစိတ္တသာရက မိန့်ပါတယ်။
မဘသ နဲ့ NLD
ရွေးကောက်ပွဲမဲဆွယ်ကာလ အစပိုင်းမှာကတည်းက မဘသဆရာတော်တချို့က အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မယ်လို့ ကတိမပေးတဲ့ ပါတီတွေကို မဲမထည့်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ တချို့ကတော့ NLD ကို မဲမပေးဖို့အထိ ဗြောင်ကျကျ တိုက်တွန်း မိန့်ကြားကြပါတယ်။
မကြာသေးခင်က NLD အတွက် ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတစ်ထောင်ကျော် ရွေးချယ်ရာမှာလည်း မွတ်စလင်တွေပါဝင်ခြင်း မရှိပါဘူး။ ဒီရွေးချယ်မှုဟာ မဘသနဲ့ အမျိုးသားရေးဝါဒီတွေ သဘောကျအောင် သတိထား လုပ်ဆောင်ခြင်းပဲလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒီလို ရွေးချယ်ပြီး သိပ်မကြာခင် NLD နာယက ဦးတင်ဦး မန္တလေးမြို့ကို ရောက်ရှိရာမှာ မဘသရဲ့ အထက်မြန်မာပြည် ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူနဲ့ တွေ့ခဲ့ပါတယ်။ ဘာတွေ ညှိနှိုင်းပြောဆိုခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။
မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်က သက်တော် ၄ဝခန့် အရွယ် ဦးသုစိတ္တသာရက မဘသနဲ့ NLD ဟာ အများကောင်းကျိုးလုပ်ဆောင်နေတဲ့ အဖွဲ့တွေဖြစ်တာကြောင့် နိုင်ငံအတွက် အရေးကြီးနေတဲ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ ညှိနှိုင်းသင့်တယ်လို့ အကြံပြုပါတယ်။
“ရွေးကောက်ပွဲ လာတော့မယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုဟာ သူတို့နှစ်ဖွဲ့လုံးအတွက် အပေါင်းလက္ခဏာပဲ၊ အနုတ်လက္ခဏာ မဖြစ်နိုင်ဘူး” လို့ ဦးသုစိတ္တသာရက မိန့်ပါတယ်။