သတင်း

စစ်ကောင်စီက ဖိအားပေးဖွင့်ခိုင်းသော်လည်း ဘဏ်အများစု ဆက်ပိတ်ထား

မတ် ၁၇ ရက်တွင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ရန် အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးထားသော်လည်း ယနေ့တွင် ရန်ကုန်မြို့ရှိ ဘဏ်အများစုက ဆက်ပိတ်ထားသည်ကို တွေ့ရသည်။

ပုဂ္ဂလိက ဘဏ်များအနက် အင်အားကြီးဘဏ်ကြီးများဖြစ်သော ကမ္ဘောဇဘဏ်နှင့် AYA ဘဏ်တို့၏ ဘဏ်ခွဲ တစ်ခုမှ နှစ်ခုအထိ ဖွင့်လှစ်ခဲ့သော်လည်း ဘဏ်အများစု ပိတ်ထားကြောင်း ဘဏ်ငွေသွားထုတ်သူများက ပြောသည်။

ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာစသော မြို့နယ်များသို့ Myanmar Now က ယနေ့ နေ့ခင်းပိုင်းတွင် လိုက်လံကြည့်ရှုခဲ့ရာတွင် ဘဏ်အများစု ပိတ်ထားသည်ကို တွေ့ရှိရသည်။ ဘဏ်အချို့တွင် ATM စက်များငွေသားဖြည့်ပေးခြင်းမှအပ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအားလုံး ရပ်ဆိုင်းထားသည်ဟု ဘဏ်ဝန်ထမ်းအချို့က ပြောသည်။

“ပြည်လမ်း၊ ကမ္ဘောဇဘဏ်ရုံးချုပ်က လူများလာလို့ လူတိုင်းကို နာမည်နဲ့ ဖုန်းနံပါတ်မှတ်ထားပြီး ပြန်ဆက်သွယ်ပေးမယ် ပြောတယ်။ ATM စက်မှာတော့ လူတွေတန်းစီစောင့်နေတယ်” ဟု ငွေသွားထုတ်ခဲ့သူ ဒေါ်အေးအေးဖွေးက ပြောသည်။

အဆိုပါဘဏ်တွင် မတ်လ ၁၆ ရက်က ငွေလာထုတ်သူများသဖြင့် ငွေထုတ်သူနှင့် ဘဏ်ဝန်ထမ်းအချို့ အချေအတင်ဖြစ်ပြီး ဘဏ်ဝန်ထမ်းအချို့က အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံ ဖုန်းဆက်တိုင် ကြားခဲ့သဖြင့် ငွေလာထုတ်သူ ၄ ဦး အဖမ်းခံရသည်။ ကမ္ဘောဇဘဏ်၏ လုပ်ရပ်အပေါ် ပြည်သူများက ပြင်းထန်စွာဝေဖန်နေကြသော်လည်း ကမ္ဘောဇဘဏ်ဘက်ကမူ တစ်စုံတစ်ရာ ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဆရာစံလမ်းထိပ်ရှိ AYA ဘဏ်ခွဲကို ငွေထုတ်သူများကို ငွေထုတ်ခဲ့ပေးရန် ဖွင့်လှစ်ထားကြောင်း မတ် ၁၇ ရက် တွင် ငွေထုတ်ရန်သွားခဲ့သူတစ်ဦးက ပြောသည်။

မော်လမြိုင်တွင် ကမ္ဘောဘဏ်ခွဲတစ်ခုသာ ဖွင့်လှစ်ပဖွင့်လှစ်ပြီး ကျန်ဘဏ်များ ဖွင့်လှစ်ခြင်းမရှိဘဲ ပဲခူးမြို့တွင် မည်သည့်ဘဏ်မှ ဖွင့်လှစ်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွှဲပြောင်းရန် ဖိအားပေး ညွှန်ကြားထားပြီး ထိုသို့ဆောင်ရွက်ခြင်း မရှိပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီက ဗဟိုဘဏ်မှတစ်ဆင့် ပြည်တွင်းဘဏ်များကို မတ်လ ၈ ရက်တွင်ပြန်လည် ဖွင့်လှစ်ရန် ဖိအားပေး ညွှန်ကြားခဲ့သော်လည်း ပြည်တွင်းဘဏ်များ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိပေ။ အလားတူ ပုဂ္ဂလိကဘဏ်များ မဖြစ်မနေဖွင့်လှစ်ရန် ညွှန်ကြားထားသည့် ယနေ့တွင်လည်း ဘဏ်အများစု ဖွင့်လှစ်နိုင်ခြင်း မရှိပေ။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်နိုင်ရန် ATM စက်များမှ တစ်ရက်လျှင် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမှုအတွက် တစ်ပတ်လျှင် ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတစ်ခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် မတ်လ ၁ ရက်တွင် ညွှန်ကြားခဲ့သည်။ 

Show More

Related Articles

Back to top button