သတင်း

အောင်ဝင်းထွန်း — လေဆိပ်လုပ်ကြံမှု ဆက်စပ် သံသယတရားခံ

ရန်ကုန်လေဆိပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲခံထားရသူ လေးဦး အနက် တစ်ဦးမှာ အောင်ဝင်းထွန်း ဖြစ်သည်။

၂ဝ၁၇ ဇန်နဝါရီ ၂၉ ရက်နေ့က လေဆိပ်တွင် ဖြစ်ပွားခဲ့သောလုပ်ကြံမှုအတွက် ငွေကြေး၊ လက်နက်၊ သေနတ်သမားတို့ ရရှိရေး စီစဉ်သည့် စစ်အရာရှိဟောင်းများဖြစ်သော အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်တို့မှာ ၎င်း၏ ညီငယ်များ ဖြစ်သည်ဟု ရဲက ဆိုသည်။

အောင်ဝင်းထွန်းသည် ရန်ကုန်မှ ထွက်ပြေးတိမ်းရှောင်သော အောင်ဝင်းဇော် လွတ်မြောက်ရေးအတွက် ကားမောင်း ပို့ဆောင်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။ အောင်ဝင်းထွန်းကမူ ၎င်းတို့ညီအစ်ကိုနှစ်ဦး ကရင်ပြည်နယ်သို့ သွားရောက်ခြင်းမှာ အလှူဒါနပြုရန် ဖြစ်ကြောင်း၊ ဇန်နဝါရီ ၃၁ နံနက် ၃ နာရီခန့်တွင် ဘားအံမြို့အဝင်တံတားသို့ ရောက်ရှိစဉ် အဖမ်းခံရကြောင်း တရားခွင်တွင် ထွက်ဆိုသည်။

အသက် ၅ဝ ကျော်အရွယ်၊ အသားဖြူဖြူ၊ ရည်မွန်သည့် မျက်နှာထားပိုင်ရှင် အောင်ဝင်းထွန်းသည် တစ်နှစ်ကျော် တရား ရင်ဆိုင်စဉ် ၎င်း၏အမှုတွဲများနည်းတူ အင်းစိန်ထောင်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ၂ဝ၁၈ ဖေဖော်ဝါရီ ၂၂ တွင် မြောက်ပိုင်းခရိုင်တရားရုံး အထူးခုံရုံးက သူ့ကို အာမခံပေးခဲ့သဖြင့် ပြင်ပတွင် နေထိုင်ခွင့်ရပြီး အမှုရင်ဆိုင်နေသည်။

အရေးကြီးအမှုဖြစ်ခြင်း၊ အမှုတွဲများထဲတွင် သေဒဏ်အထိ ကျခံရနိုင်သော ပုဒ်မဖြင့် တရားစွဲခံထားရသူ ပါဝင်ခြင်း၊ သေနတ်သမားကို ဝန်းရံသူတချို့ တရားရုံးသို့ သွားရောက်ပြီး “ထမင်းဝအောင်စားထား” ဟု ခြိမ်းခြောက်ထားခြင်း စသည့် အခြေအနေများကြောင့် အာမခံဖြင့်လွှတ်ထားခြင်းမှာ မသင့်လျော်ကြောင်း ထောက်ပြသူများလည်း ရှိသည်။
သူ၏ ရှေ့နေကမူ အာမခံ ရသင့်သဖြင့် တရားရုံးက အာမခံပေးခြင်းဖြစ်သည်ဟု ဆိုသည်။

သေနတ်သမား ကြည်လင်း၏ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် စိုင်းလျားကျေးရွာရှိ နေအိမ်တွင် တွေ့ရသော မှတ်စု စာအုပ်တွင် အောင်ဝင်းထွန်းတို့ ဇနီးမောင်နှံ၏ ဖုန်းနံပါတ်များရှိနေသည်။

ယခင်က အသုံးပြုခဲ့ဖူးသည့် နံပါတ်အဟောင်းဖြစ်ကြောင်း၊ ကြည်လင်းထံ မည်သို့ ရောက်ရှိနေသည်ကို မသိရှိကြောင်း အောင်ဝင်းထွန်းက တရားခွင် စစ်ဆေးမှုတစ်ခုတွင် ပြောကြားခဲ့သည်။

စွဲချက်၊ ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ် –

ရာဇသတ်ကြီးပုဒ်မ ပုဒ်မ ၂၁၂၊ ထောင်ဒဏ် ၅ နှစ်

၁၅-၂-၂၀၁၉ ရက်နေ့ ဖြည့်စွက်ချက်
—————
၂ဝ၁၉ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်  ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ်သည်။

Show More

Related Articles

Back to top button