လမ်းပေါ်ရှိအတားအဆီးများ ဖယ်ရှားပေးခြင်း မရှိပါက တစ်ရပ်ကွက်လုံးကို သေနတ်နှင့် ပစ်မည်၊ မြေလှန်ပစ်မည်ဟု စစ်ကောင်စီလက်နက်ကိုင်များက ရပ်ကွက်များအတွင်း အော်လံဖြင့် အော်ဟစ် ခြိမ်းခြောက်လျက်ရှိသည်။
ရန်ကုန်နှင့် မန္တလေးမြို့များရှိ မြို့နယ်အချို့တွင် ယနေ့ (မတ် ၁၇) ညနေပိုင်းတွင် အထက်ပါအတိုင်း လိုက်လံအော်ဟစ်သတိပေးနေဖြစ်ကြောင်း ဒေသပြည်သူများက ပြောသည်။
“နောက်တစ်ခါလာလို့ ရပ်ကွက်တွင်းလမ်းများ အများပြည်သူပိုင်လမ်းများ ဖျက်လိုဖျက်ဆီးပိတ်ဆို့ထား တာတွေ့ရင် တစ်ရပ်ကွက်လုံး တစ်လမ်းလုံးကို မြေလှန်ပြီးတော့ သေနတ်နဲ့ ပစ်ပါမယ်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် တစ်လမ်းလုံးပစ်ပါမယ်” ဟု အော်ဟစ်နေသည့် ရုပ်သံဗီဒီယိုများလည်း လူမှုကွန်ရက်တွင် တွေ့ရှိရသည်။
ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် ယနေ့ညနေပိုင်း ၄ နာရီခန့်က အထက်ပါအတိုင်း လာရောက်အော်ဟစ် ခြိမ်းခြောက်သွားသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက Myamar Now ကို ပြောသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း နွယ်နီလမ်းတွင်လည်း အထက်ပါအတိုင်း အော်ဟစ်သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မဖယ်ပေးဘူးဗျ။ ဒီအတိုင်းပဲထားထားတုန်းပဲ။ ကိုယ့်ရပ်ကွက်ကိုယ်ပိတ်တာပဲ သူတို့တွေသာ လိုက်ပစ် ခတ် မနေဘူးဆိုရင် ဖွင့်ထားမှာပေါ့။ ပိတ်စရာမလိုဘူးလေ။ အခုက ပစ်ခတ်နေတော့ ပိတ်ထားတာက ပြည်သူတွေအတွက် ပိုပြီးသင့်တော်တယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။
လှိုင်သာယာမြို့နယ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်များက လှိုင်သာယာရှိ အဓိကလမ်းမမျ ားတွင် ပိတ်ဆို့ထားသည့် အတားအဆီးများကို ဖယ်ရှားပေးရန် ယနေ့နံနက်ပိုင်းတွင် စစ်ကားများဖြင့် လိုက်လံကြေညာခဲ့ကြောင်း လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
ထိုသို့မဖယ်ရှားပေးပါက ရပ်ကွက်နေအိမ်များကို ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ကို မျက်မြင်တွေ့ကြုံ ခဲ့ရသည့် အဆိုပါအမျိုးသမီးက ပြောသည်။
စစ်တပ်၏ ထိုခြိမ်းခြောက်မှုကို စိုးရိမ်၍ လှိုင်သာယာဒေသခံများက အဓိကလမ်းမများပေါ်ရှိ အတားအ ဆီးများကို ဖယ်ရှားပေးလိုက်ပြီး စစ်ကားများ လှည့်လည်နေသည်ကို မြင်တွေ့နေရသည်ဟုလည်း ၎င်းက ပြောသည်။
ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ လမ်းသွားလမ်းလာများကို စစ်တပ်နှင့်ရဲက အတင်းအဓမ္မခေါ်ဆောင် ပြီး အဓိကလမ်းမများပေါ်တွင် ပိတ်ဆို့ထားသည့် သဲအိတ်စသည့် အတားအဆီးများကို ဖယ်ရှားခိုင်း ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ၎င်းတို့၏ဆိုရှယ်မီဒီယာများပေါ်တွင် ရေးသားထားသည်။
တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် တာမွေမြို့နယ်များတွင်လည်း အထက်ပါအတိုင်း လိုက်လံအော်ဟစ်ခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။
ထို့ပြင် မန္တလေးမြို့ မနော်ရမ္မံရပ်ကွက် ၄၁ လမ်းနှင့် ၄၂ လမ်းကြား လမ်း ၆၀ တွင်လည်း ယနေ့ညနေပိုင်း က အတားအဆီး ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ်သတိပေးခြင်းဖြစ်ကြောင်း လိုက်လံအော်ဟစ်ခဲ့ သည်ဟု သိရသည်။