ဆောင်းပါးသတင်း

ထင်းရှူးမြေအတွက် သတိပေးခေါင်းလောင်းသံ

ရှမ်းပြည်နယ်က ရေမကြီးနိုင်ဘူးထင်ခဲ့ကြတဲ့ တောင်ပေါ်မြို့မှာ ရေဘေးကြောင့် အသက်ဆုံးရှုံးသူ အများအပြား ရှိခဲ့ကာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

အဲဒီနေ့က သဲကြီးမဲကြီးအဆက်မပြတ်ရွာတဲ့ မိုးရေစက်တွေကိုကြည့်ရင်း ကိုအာကြီး အလိုလို စိတ်လေးလာတယ်။ လုပ်ငန်းခွင်ကနေ မိုင် ၄၀ နီးပါးဝေးတဲ့ အိမ်ကို အမြန်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့မှာ တောင်ပြိုလို့ ကားလမ်း၊  ရထားလမ်းပိတ်ဆို့၊  ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့်  ၉ နာရီကြာလမ်းလျှောက်ပြန်ခဲ့တာ ညမှောင်ရီမှောင်ဝါးမှာ အိမ်နားကို  ကိုအာကြီး ရောက်သွားပါတယ်။

သူ့ကို ရေပြင်ကျယ်ကြီးက ဆီးကြိုနေပြီး သူ့အိမ်ကတော့ ရေစီးနဲ့မျောပါသွားခဲ့ပြီ  ဖြစ်ပါတယ်။

“မိန်းမနဲ့ ကလေးတွေကို ဆေးရုံတွေ၊  ကယ်ဆယ်ရေးစခန်းတွေမှာ တစ်နေကုန်လိုက်ရှာတာ၊ ဘယ်မှ မတွေ့ ဘူး၊  နောက်ရက် ရေကျသွားမှ အိမ်နားက ချုံပေါ်မှာ သူတို့အလောင်းတွေ တွေ့ရတာပဲ” လို့ ကိုအာကြီးက ဆိုနင့်စွာ ပြောပါတယ်။

၂၀၂၄ စက်တင်ဘာလက အာရှတိုက်ရဲ့ အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ရာဂီဟာ ဗီယမ်နမ်နိုင်ငံကို ဗဟိုပြု တိုက်ခဲ့ပါတယ်။ ရာဂီမုန်တိုင်းအဖျားခတ်ရာ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးမြို့ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် ဒေသ ၉ ခုမှာ  စက်တင်ဘာ ၉ ရက်နေ့ကစပြီး ရက်သတ္တပတ်ကြာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် လူပေါင်းသိန်းချီ ရေဘေးဒုက္ခရောက်ခဲ့တာပါ။

စစ်ကောင်စီက ရေဘေးကြောင့် ၄၃၃ ဦး သေဆုံးခဲ့ပြီး နေပြည်တော်၊  မန္တလေးတိုင်း ပြီးရင် ရေးဘေးဒဏ် အဆိုးဆုံးခံရတဲ့  ကလောမြို့မှာတော့ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၄ စက်တင်ဘာလက  ရေကြီးနေသည့် ကလောမြို့။ (ဓာတ်ပုံ – ကိုရဲ – ကလော) 

ကလောမှာ နှစ် ၁၀၀အတွင်း စံချိန်တင်ရေကြီးရာမှာ  ကလောချောင်းရေစီးနဲ့ မျောပါသေဆုံးကြတဲ့အထဲ ကိုအာကြီးရဲ့မိန်းမနဲ့ ကျောင်းနေအရွယ် သားကြီး၊  လူမမယ် သမီး နှစ်ယောက်တို့လည်း ပါသွားခဲ့ပါတယ်။ 

ကိုအာကြီးက အစိုးရပိုင် ထင်းရှူးဆီစက်ရုံဟောင်း အစောင့်ဝန်ထမ်းပါ။ ဝန်ထမ်းလစာနဲ့ မိသားစုစားဝတ်နေရေး  မလုံလောက်လို့ မြို့နဲ့ မိုင် ၄၀ အကွာ သတ္ထုခဲကျင်းမှာ အပိုဝင်ငွေရဖို့ သွားလုပ်ရင်း ပြန်အလာမှာ မိသားစုရော အိမ်ပါ ဆုံးရှုံးပြီး တစ်ကောင်ကြွက်ဘဝရောက်ခဲ့တာပါ။

ကလောမြို့အရှေ့ဘက် မိုင်းလုံးတောင်၊  တောင်ကိုးလုံးတိုကနေ တဟုန်ထိုးလျှောဆင်းလာတဲ့ ရေစီးအားနဲ့အတူ  ပဲ့ထွက်လာတဲ့ သစ်လုံးတွေ ရွံနွံတွေဟာ လှပတဲ့ ကလောမြို့ကို ဖုံးလွှမ်း တိုက်စား ပစ်ခဲ့ပါတယ်။

မြန်မာပြည်ရဲ့ ဆွစ်ဇာလန်လို့ တင်စားပြီး ပြည်တွင်းပြည်ပခရီးသွားများ အသည်းကျော် တောင်ပေါ် အပန်းဖြေမြို့၊  ထင်းရှူးပင်တွေပတ်လည်ဝိုင်းနေတဲ့ ကလောမြို့လေးဟာ ယိုယွင်းလာတဲ့ သဘာဝ ဘေးဒဏ်ရဲ့ရိုက်ခတ်မှုကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရပြီဖြစ်ပါတယ်။

ချောင်းရေက ပထမရက် ကျသွားပြီးမှ နောက်ရက် တရှိန်ထိုးပြန်တက်လာလို့လူတွေ အငိုက်မိသွားတယ် လို့ ရေဘေးကြုံတဲ့သူတွေက ပြောပြပါတယ်။

“ခါတိုင်းနှစ်လိုပဲ ရေပြန်ကျမှာပါဆိုပြီး ယောက္ခမက အိမ်အပေါ်ထပ်မှာနေခဲ့တာ၊  ကျွန်တော်တို့တွေ ပြန်လာကယ်ထုတ်တော့ ဆုံးနေပြီ“ လို့ အမှတ်-၄ ရပ်ကွက်မှ ကိုမျိုးက ဖွင့်ဟပါတယ်။

နွံထုကြားက ပြန်ရုန်းထရတဲ့ ကလောမြို့

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်မှာရှိတဲ့ တောင်ပေါ် ကလောမြို့ဟာ ဧက ၂၀၀၀ ကျော် ကျယ်ဝန်းပြီး  ရပ်ကွက် ၁၁ ခု၊  လူဦးရေ နှစ်သောင်း၀န်းကျင်ခန့်သာ ရှိပါတယ်။ ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတာကတော့ ရပ်ကွက် ၂၊  ၃၊  ၄ တို့ပဲဖြစ်ပါတယ်။ 

တောင်စောင်းတောင်ခါးပန်းတွေမှာ ကုပ်ခြစ်တည်ဆောက်ထားတဲ့ ရောင်စုံ ခေါင်မိုးချွန်ချွန်နဲ့ ဥပရောပဆန်ဆန် တည်ဆောက်ထားတဲ့ အိမ်လေးတွေဟာလည်း ရေစီးနဲ့ အလုံးလိုက် ပြိုကျမျောပါခဲ့တာပါ။

နှစ်စဉ် ရေ၀င်နေကျမဟုတ်တဲ့ အမှတ် ၄ ရပ်ကွက်က ကလောစျေး၊  စားသောက်ဆိုင်တွေ၊  ပုဂ္ဂလိကဆေးရုံ၊  ကိုလိုနီခေတ်လက်ရာ ကလောဘူတာတို့လည်း ရေကြီးဒဏ်အဆိုးရွားဆုံးခံခဲ့ရပါတယ်။

စစ်တပ် ခြေမြန် တပ်မ (၅၅) ရှိရာ အမှတ် ၃ ရပ်ကွက်က အိမ်ခြေ ၆၀၀ ကျော်မှာ ထက်၀က်ကျော် ရေဘေးသင့်ပါတယ်။  ပျက်စီးခဲ့တဲ့အိမ်တွေရဲ့ ထက်၀က်လောက်က နှစ်လကျော်အထ်ိ မူလအခြေအနေ ရောက်အောင် ပြန်လည်မတည်ဆောက်နိုင်သေးတာတွေ့ရပါတယ်။

“(၅၅)တပ်က အပေါ်ကုန်းမြင့်မှာရှိတာ၊  သူ့အောက်က ရပ်ကွက်ပတ်လည်က ရေမြုပ်တာပဲ၊  သူလည်း ထိထိရောက်ဆင်းပြီး ကယ်ဆယ်ရေးမလုပ်နိုင်ဘူး၊  ရေဝိုင်းနေတာ” လို့ ရပ်ကွက် ၃ ဒေသခံက မှတ်ချက် ပြုပါတယ်။

ကလောမြို့အနောက်ဖက်ခြမ်း ရွှေတောင်ကြားရပ်ကွက်ကတော့ ရွှေတူးဖော်ရာနေရာတွေနဲ့ နီးကပ်တာမို့ မြေစာနွံနဲ့တောင်ပြိုမြေတွေ စုပေါင်းပြီး နွံထု ၁၀ ပေလောက်ထိ တင်ကျန်ခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။

၂၀၂၄ စက်တင်ဘာလက  ကလောမြို့တွင်း တင်ကျန်ရစ်ခဲ့သော နွံများနှင့် ရေကျော်နေသော မီးရထားလမ်း။ (ဓာတ်ပုံပေးပို့)

ကလောမြို့ကို  ၂၀၁၈ ခုနှစ်က သန့်ရှင်းတဲ့ခရီးသွားမြို့အဖြစ် အာဆီယံက သတ်မှတ်ခဲ့တာပါ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခရီးသွား၀င်ရောက်မှုအများဆုံးမြို့လည်းဖြစ်ပါတယ်။ 

နှစ်ကုန် ဒီဇင်ဘာလဟာ ကလောမြို့ရဲ့အထင်ကရ ဓနုရိုးရာပွဲတွေရှိပြီး ခရီးသွား၀င်ရောက်မှု အမြင့်ဆုံးကာလဖြစ်တာကြောင့် ဒေသစီးပွားရေးပြန်လည်ရုန်းကန်နိုင်ဖို့ ပျက်စီးခဲ့တဲ့ အထင်ကရနေရာတွေကို ဌာနဆိုင်ရာတွေနဲ့ပရဟိတအဖွဲ့တွေ အင်တိုက်အားတိုက် ပြင်ဆင်ခဲ့ရတာပါ။ 

“ကလောက ရေရှားတဲ့မြို့ပါ။ သောက်ရေသုံးရေကို နဂိုထဲက ၀ယ်သုံးရတာ၊  အိမ်ထဲမှာကျန်ခဲ့တဲ့ နွံထုကို ရေ၀ယ်ပြီး ဆေးရတာ သိန်းချီကုန်တယ်“ လို့ ဒေသခံက ပြောပါတယ်။

ကလောမြို့က လူနေတိုက်အိမ်နံရံတွေမှာ နီကျင်ကျင် ရွံ့နွံတွေရဲ့အရာတွေ စွဲထင်ကျန်ရစ်ခဲ့တာ တွေ့ရပါတယ်။

ရှမ်းကုန်းမြေမြင့်ဒေသမှာ ပါ၀င်တဲ့ ကလောမြို့ဟာ သဘာ၀ပတ်၀န်းကျင်ပြဿနာများကြောင့် လူမှုဘ၀ အပေါ်  ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ ဒေသတစ်ခုမှာပါ၀င်တယ်လို့ ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့တဲ့ စိမ်းလန်းအမိမြေအသင်းရဲ့”မြန်မာ့ပတ်၀န်းကျင်ရေးရာလေ့လာဆန်းစစ်ချက်” စစ်တမ်းမှာ ဖော်ပြပါတယ်။

စစ်တမ်းက အဲသလိုဖော်ပြပြီး ၁၀ နှစ်ကျော်မှာ ကလောမြို့ဟာ ပြောင်းပြန်ဖြစ်သွားပြီး သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုအကျိုးဆက်အဖြစ် နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမှုကို မျက်ဝါးထင်ထင် ကြုံခဲ့ရပြီးဖြစ်ပါတယ်။

မြို့ပေါ် သန့်ရှင်းရေးလုပ်နေကြသော ကလောဒေသခံများကို ၂၀၂၄ စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံပေးပို့)

NLD အစိုးရထက်ထက် ၂၀၁၉ ခုနှစ်က ဆွီဒင်နိုင်ငံအကူအညီနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး မြန်မာ တစ်နိုင်ငံလုံးမှာ ပထမဆုံးကောက်ယူခဲ့တဲ့”ကလောမြို့ပြသွင်ပြင်လက္ခာစစ်တမ်း”မှာလည်း တခြားဒေသ တွေမှာ သဘာဝဘေးနဲ့ရာသီဥတုပြောင်းလဲတဲ့ဒဏ် ခံနေရပေမယ့် ကလောဒေသဟာ ဘေးအန္တရာယ်များတဲ့ဒေသဖြစ်မယ်လို့ မထင်ကြောင်း ဒေသခံတွေက ဖြေဆိုထားပါတယ်။

လူတန်းစားအလွှာမတူညီတဲ့ ကလောဒေသခံများကို ကျပန်းမေးမြန်းရာမှာ ကလောကို သဘာဝဘေးဒဏ် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတဲ့ အဓိကအချက် ၃ ချက်ရှိတယ်လို့ တညီတညွတ်တည်း လက်ညိုးထိုးကြပါတယ်။

ပထမတရားခံ – တိမ်ကောလာတဲ့ ကလောချောင်း

ကလောချောင်းဟာ ကလောရထားသံလမ်းနဲ့အတူ မြို့ကို ဖြတ်သန်းရစ်ခွေစီးဆင်းနေတဲ့ တစ်ခုတည်းသောချောင်းပါ။

တောင်ပတ်လည်ဝိုင်းပြီး ဒယ်အိုးပုံဖြစ်နေတဲ့ ကလောမြို့ဟာ တောင်ကျရေများရဲ့ ရေတံလျောက်လမ်းမှာ တည်ရှိနေတာပါ။

မိုးရွာသွန်းလို့ တောင်တွေပေါ်က လှိမ့်ဆင်းလာတဲ့ ရေထုကို လက်ခံပြီး ဘေးလွတ်ရာစီးဆင်းသယ်သွားတဲ့ ကလောချောင်းဟာ မြို့ရဲ့ အသက်သွေးကြောဖြစ်တယ်လို့ ဘူမိပညာရှင်တစ်ဦးက ရှင်းပြတယ်။

“ချောင်းကမြောင်းလောက်ပဲ ရှိတော့တယ်၊  သူ့လမ်းအတိုင်း လွတ်လွတ်စီးခွင့်မရတာက ပိုဆိုးသွားတာပေါ့” လို့ ၎င်းက မှတ်ချက်ပြုပါတယ်။

ကလောချောင်းဖျားက  မြို့တောင်ဘက် တောင်လား၊  တောင်ကွဲကျေးရွာနဲ့ မြို့အနောက်ဖက် မြင်းဒိုက်ရွာ ဘက်ကပါ။ ချောင်းတလျှောက် လူနေအိမ်တွေ ရာချီချဲ့လာတာတွေ၊  ရထားသံလမ်းဘေးမှာ ကျူးကျော် နေထိုင်တာတွေက ချောင်းကို လွတ်လပ်စွာစီးဆင်းဖို့ တုန့်နှေးသွားစေခဲ့ပါတယ်။

ချောင်းရေဆင်းလာတော့ ကျူးကျော်အိမ်တွေ ပြိုကျမျောပါပြီး ရေစီးလမ်းကြောင်းပိတ်ဆို့တာကြောင့် ရေလျှံပြီး မြို့လယ်ခေါင်ထိ ရေဝင်လာတာလို့ မြို့ခံတွေက ပြောပါတယ်။

ပုံမှန်ဆို တောင်တန်းတွေပေါ်ကစီးလာတဲ့ရေတွေ ကလောပြည်ထောင်စုလမ်းမကြီး မြောက်ဘက်ဆို ပန်းလောင်မြစ်ထဲ စီးဝင်ပြီး လမ်းတောင်ဘက်က ရေတွေဆို အင်းလေးကန်ထဲ စီးဝင်သွားတာဖြစ်ပါတယ်။

ကလောမြို့ပြစစ်တမ်းမှာ ချောင်းရေက နှစ်စဉ် ၁ ပေခွဲထိ တက်လေ့ရှိပြီး ၁၀ နှစ် တစ်ကြိမ် ၆ ပေအထိ တက်လေ့ရှိတယ်လို့ဖော်ပြတယ်။

ချောင်းရေတက်ရင် ဘာလုပ်မှာလဲလို့ မေးခွန်းမှာတော့ တိကျတဲ့ အစီအစဉ် မရှိကြဘဲ ဘေးလွတ်ရာ ကုန်းမြင့်ဘုန်းကြီးကျောင်းကိုသာ ပြေးမယ်လို့ စစ်တမ်းမှာ ဖွင့်ဟထားကြပါတယ်။

“လှေကားအုတ်ခုံ ၃ ဆင့်ပဲ ကျန်ခဲ့တာ၊  ဘာမှမရလိုက်ဘူး၊  လူတောင် လွတ်အောင်ပြေးရတာ” လို့ ချောင်းဘေးနေထိုင်ခဲ့တဲ့ မနန်းသဲက ဆိုပါတယ်။

ချောင်းဘေးက ပြိုကျမျောပါသွားတဲ့နေအိမ်နေရာကို လိုက်ပြနေတဲ့ မနန်းသဲ။ (ဓာတ်ပုံ ဟန်နာ)

သဘာဝဘေးတွေမှာ ၂၀၀၉ ကနေ ၂၀၂၀ ခုနှစ်အထိ ကလောမြို့ဟာ တောမီးလောင်၊  လေပြင်းတိုက်တဲ့ အကြိမ်ရေက ပိုများပြီး လူသေမှုလည်း အများဆုံးပါ။ ရေကြီးမြေပြိုတာက ၈ ကြိမ်ပဲရှိပြီး ၁ ဦးသာ သေခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ရေကြီးမြေပြိုမှုကြောင့် လူသေတာက ထိပ်ဆုံးနေရာ လွှဲပြောင်းယူခဲ့ပြီ ဖြစ်ပါတယ်။

ဒုတိယတရားခံ သစ်တောပြုန်းတီးမှု၊ တောင်ပြိုမှု

မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှုက  လွတ်လပ်ရေးရပြီးချိန်က  နိုင်ငံဧရိယာရဲ့ ၇၅ ရာခိုင်နှုန်း ရှိရာကနေ နှစ်ပေါင်း ၇၀အကြာ ၂၀၂၀ ပြည့်နှစ်မှာတော့ ၄၂.၁၉ ရာခိုင်နှုန်းပဲ ကျန်တော့တယ်လို့ သစ်တောဦးစီးဌာန စာရင်းများက ဖော်ပြပါတယ်။

အဖိုးတန်သစ်များ တရားဝင်ရော၊  တရားမဝင်ရော ခုတ်ရာကနေ သစ်တောပြုန်းတီးမှုကလည်း နှစ်စဉ် များနေဆဲပါ။

ကမ္ဘာမှာ ဘရာဇီးနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ တတိယမြောက် သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်းက သစ်တောတွေကို စောင့်ကြည့်လေ့လာနေတဲ့ (Global Forest Watch) ရဲ့ဆန်းစစ်ချက် တွေအရ ၂၀၂၃ မှာ သစ်တောပြုန်းတီးမှု ဟက်တာ ၃ သိန်းနီးပါး (ဧက ၇ သိန်းကျော်) ရှိတယ်လို့ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းကာလမှာ  မြန်မာနိုင်ငံ သစ်တောပြုန်းတီးမှု အဆိုးဆုံးဒေသဟာ ရှမ်းပြည်နယ်ဖြစ်ပြီး ဆုံးရှုံးမှု သုံးနှစ်အတွင်း ဟက်တာတစ်သိန်းကျော်(ဧကနှစ်သိန်းခွဲနီးပါး) ရှိတယ်လို့ GFW အဖွဲ့က ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာပါတဲ့ ကလောခရိုင်ဟာ ကြိုးဝိုင်းသစ်တော ၈ သောင်းကျော်နဲ့ ကြိုးပြင် သစ်တောဧက ၂၀၀၀ ကျော် ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ ကြိုးဝိုင်းထဲက ကလောမြို့ရဲ့အသက် ဝိသေသလက္ခဏာဖြစ်တဲ့ ထင်းရှူးပင်တွေကို မပြုန်းတီးရအောင် ထိန်းသိမ်းဖို့ အရေးကြီးဆုံးပါပဲလို့ ကလောမြို့ခံတွေက တညီတညွတ်တည်း ဖွင့်ဟပါတယ်။

ကလောမြို့နယ် သစ်တောဦးစီးဌာနကလည်း ထင်းရှူးပင်ဟာ တားမြစ်သစ်ပင်ဖြစ်ပြီး  ထင်းရှူးဆီ ထုတ်ခြင်း၊  ထင်းရှူးပင်ခုတ်ခြင်းကို သစ်တော ဥပဒေပုဒ်မ ၄၂(က)နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၇နှစ်အထိ ကျနိုင်တယ်လို့ ပြောဆိုပါတယ်။

“ထင်းရှူးပင်ခုတ်ပြီး အိမ်ရာချဲ့တာကျ ဥပဒေဘောင်နဲ့ ညီအောင် လိုသလိုညှိကြပြီး တပိုင်တနိုင် ထင်းရှူးဆီ ထုတ်ရောင်းတာကျ ဖမ်းခံနေရတယ်” လို့ကလောမြို့မစျေးက စျေးသည်အမျိုးသမီးက ဝေဖန်ပါတယ်။

ထင်းရှူးဆီထုတ်တဲ့လုပ်ငန်းကို အဓိကစီးပွားရေးအဖြစ်လုပ်ဆောင်ကြရင် အဆီထုတ်ခံရတဲ့အပင်တွေဟာ တဖြည်းဖြည်းညှိုးခြောက်ပြီး ပြင်းထန်တဲ့ရာသီဥတုဒဏ်ကိုမခံနိုင်ဘဲ ပြုန်းတီးနိုင်တယ်လို့ သစ်တောဌာန က ​ဆိုပါတယ်။

ကလောသစ်တောကြိုးဝိုင်းနယ်မြေကို ၂၀၂၄ နှစ်ကုန်က တွေ့ရစဉ်။ (ဓာတ်ပုံဟန်နာ)

ပြုန်းတီးထင်းရှူးတောတွေနေရာမှာ  နှစ်စဉ်အစားထိုးစိုက်နေပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်က ၁၉၆ ဧက စိုက်ခဲ့တယ်လို့ သိရပါတယ်။

သစ်တောပြုန်းတီးလာမှုအကျိုးဆက်အနေနဲ့ ရာသီဥတုပြောင်းလဲခြင်းနဲ့အတူ မိုးရွာသွန်းမှု ပုံမမှန်တာ ကြောင့် ၂၀၁၅ ခုနှစ်ကစလို့ မြန်မာနိုင်ငံရဲ့ကုန်းမြင့်ဒေသ ရှမ်း၊  ချင်း၊  နာဂ၊  ရခိုင် တို့မှာ တောင်ပြိုမှုတွေ များလာပါတယ်။

ကလောချောင်းအထက် မြင်းဒိုက်ရွာနဲ့ ကလောအဆင်း ရေယားရွာဘက်က တောင်တန်းတွေမှာ ရှည်လျားတဲ့ မြေပြိုအက်ကြောင်းကြီးတွေ အများအပြားတွေ့ရပါတယ်။

ရှမ်းရိုးမကျောက်သားတောင်တန်းများဟာ အခြားဒေသများထက် သက်တမ်းရင့်ပြီး ရာသီဥတုဒဏ်၊  ရေကြောင့်ဖြစ်တဲ့ မြေပြိုမှုတွေကို ကြံ့ကြံ့ခံနိုင်တယ်လို့ ဘူမိအင်ဂျင်နီယာ ဒေါက်တာ ကျော်စွာမြင့်သိန်းက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရှင်းပြထားပါတယ်။

ရှမ်းတောင်တန်းဟာ ထုံးကျောက်နဲ့ဖွဲစည်းထားပြီး ရာဂီမုန်တိုင်းမိုးရေက များတာကြောင့် မြေသားက စုပ်ယူထားနိုင်တဲ့ ပမာဏကျော်လို့အပေါ်ယံမြေလွှာတွေ လျောစောက်ဖက်ထိုးဆင်းသွားတာလို့ သုံးသပ် ထားတာပါ။

တောင်ကုန်းတောင်တန်းတွေပြိုရခြင်းက ရေ၊  ငလျင်၊  လူ တို့ကြောင့်လို့ ဆိုပါတယ်။ လူကြောင့်ဆိုတာ သဘာဝပေါက်ပင်တွေ အပြောင်ရှင်းလို့ မိုးရေတွေကိုမြေကြီးထဲ တိုက်ရိုက် ဝင်ခွင့်ပေးတာ၊  သူ့ဖာသာ စီးနေတဲ့ရေလမ်းကြောင်းကို ပိတ်ဆို့တာ၊  အိမ်ဆောက်လမ်းဖောက်ဖို့ တောင်ဖြိုမြေတူးတာ၊  သတ္ထုတူးဖို့ သဘာဝ ရှိနေတဲ့ လျှောစောက်ကို မတ်လိုက်တာတွေကြောင့်လို့ ပြောဆိုပါတယ်။

ကလောမှာ ရေကြီးတောင်ပြို ရွံ့နွံတွေဖုံးလာရခြင်းဟာလည်း ဒီလိုဖြစ်စဉ်တွေကြောင့်လို့ သဘာဝ ပတ်ဝန်းကျင်ဂရုပြုသူတွေက ဆိုပါတယ်။

ပြုန်းတီးနေတဲ့ သစ်တောတွေ အစားထိုးနိုင်ဖို့ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း ၁၀ နှစ် စီမံကိန်းရေးဆွဲပြီး နိုင်ငံပိုင်စိုက်ခင်း ဧက ၁၆၀,၀၀၀ ကျော်၊ အပင်ပေါင်း ၁၄၆ သန်းကျော် စိုက်ပျိုးပြီး ဖြစ်ကြောင်း သစ်တောဌာနက စာရင်းတွေက ပြဆိုပါတယ်။

ငါးနှစ်တစ်ကြိမ် ကောက်ခံတဲ့ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှုနဲ့ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း လုပ်ငန်း အခု ၂၀၂၅ ခုနှစ်မှာ လုပ်ဆောင်နေပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ စားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ (FAO) ကို တင်ပြသွားမယ်လို့ သစ်တောဌာနက ရှင်းပြပါတယ်။

သစ်တောကြိုးဝိုင်းအနီး ထင်းရှူးတောမှာ တွေ့ရတဲ့ ဒေသခံတချို့။  (ဓာတ်ပုံ ဟန်နာ)

တတိယတရားခံ အိမ်ရာစီမံကိန်းနဲ့ လူနေအိမ်တွေချဲ့ လာကြ

ကလောမှာ လူဦးရေတိုးလာတာနဲ့ အမျှ သစ်တောတွေ ခုတ်ချဲ့တာကြောင့် မြို့နယ်အတွင်း သစ်တော ခန့်မှန်း ၉,၅၉၈ ဧကကျော် ပျက်စီးနေတယ်လို့ ခရိုင်ထွေအုပ်က ဆိုပါတယ်။

ဒါက ဌာနကရရှိတဲ့ အချက်အလက်သာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေက သုံးသပ်ပါတယ်။

“ကလောက ထပ်ချဲ့လို့မှ မရတာ၊  ပတ်ပတ်လည်က ထင်းရှူးနဲ့ သစ်တောချည်းပဲ။ ချဲ့တာနဲ့ သစ်ခုတ်ရမှာပဲ ” လို့  သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်ခဲ့တဲ့ ကလောမြို့ခံဝန်ထမ်းက ​ပြောပါတယ်။

ရေခံမြေခံကောင်း၊  ရာသီမရွေး သာယာတဲ့  ကလောမြို့မှာ ဟိုတယ်တွေ၊  လူနေအိမ်ရာတွေ ဖော်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေက လွန်ခဲ့တဲ့ ၅ နှစ်တည်းက မျက်စိကျနေကြပြီး အာဏာပိုင်အဆက်ဆက် အားထုတ်ခဲ့ကြတယ်လို့ အိမ်ခြံမြေလုပ်ငန်းမှာ ပါဝင်ပတ်သက်ခဲ့သူက ပြောဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသ မတည်မငြိမ်ဖြစ်လို့ တိုက်ပွဲတွေမရှိတဲ့ ကလောဒေသကို ရွှေ့ပြောင်း လာကြတဲ့သူတွေကြောင့်လည်း ကလောမြို့ဟာ မြေရောရေပါ မနိုင်ဝန်ထမ်းနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်ပြီးနောက် ရှမ်းတောင်မှာ ကာလရှည် ကြာ စစ်ဘေးရှောင်လာသူတွေ များလာတာပါ။

သစ်တောတွေကို အပြောင်ရှင်းပြီး မြေကွက်ဖော်၊  လူနေအိမ်စီမံကိန်းတွေ ရောင်းချတာဟာ သစ်တော ပြုန်းတီးမှုရဲ့ အဓိကတရားခံလို့ မြို့ခံတွေက အပြစ်တင်ကြပါတယ်။

ကလောမြို့ပတ်လည်ကျေးရွာတွေဖြစ်တဲ့ အင်းပြင်ရွာ၊ နန်းသဲရွာ၊ မြင်းကရွာ၊  ဦးသောင်းရွှေကုန်းစတဲ့ ဒေသက မြေဧက ၂၀၀ ကျော်မှာ တည်ဆောက်ရေး စီမံကိန်းပေါင်း ၂၀ လောက်ရှိပြီး မြို့ထဲမှာလည်း  အိမ်ရာစီမံကိန်းတစ်ခုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ရာစီမံကိန်းတွေနဲ့ သစ်တောကျူးတွေကြား မြေပိုင်ဆိုင်မှု အငြင်းပွားတာတွေလည်း ဖြစ်နေဆဲပါ။

“ဒီကလူတွေက တရားစွဲလည်း ထောင်ကျခံတယ်ဗျ၊  နေရာတော့ ဖယ်မပေးဘူး”လို့ ရှမ်းပြည်နယ်မှာ တာဝန်ကျဖူးတဲ့ သစ်တောအငြိမ်းစားညွှန်မှူးက ညည်းတွားပါတယ်။

ပြည်တွင်းက ထင်ရှားကျော်ကြားတဲ့ အနုပညာနယ်ပယ်၊  စီးပွားရေးနယ်နဲ့ နယ်စပ်ဒေသက ထိပ်တန်း သူဌေးတွေလည်း ကလောမြို့မှာ ဇိမ်ခံအိမ်တွေထားရှိတယ်လို့မြို့ခံတွေက ဆိုပါတယ်။

သစ်တောကြိုးဝိုင်းနဲ့ လွတ်ဖို့မလွယ်တဲ့ ကလောမှာ မြေနေရာဝယ်ရင် စိတ်ချရတဲ့ နည်းလမ်းတစ်ခု ရှိတယ်လို့  ဝါရင့်မြေပွဲစားတစ်ဦးက ပြောပါတယ်။

“ဘယ်ဌာနက အရာရှိဝယ်သလဲနေရာကြည့်၊  အဲဒါနဲ့ကပ်တာဝယ်” လို့ သူက လမ်းညွှန်ပါတယ်။

ကလောမြို့က ခြံအရောင်းအဝယ်တစ်ခု။  (ဓာတ်ပုံ ဟန်နာ)

ရေဘေးပြီး ရိုက်ခတ်နေတဲ့ လူမှုစီးပွားဒုက္ခ

စက်တင်ဘာ ရေဘေးအပြီး နှစ်ကုန် ၃ လဟာ ကလောမြို့ရဲ့ ခရီးသွားအမြင့်ဆုံးရာသီပါ။ 

ခရီးသွားလုပ်ငန်းတစ်ရာသီဟာ ကလောဒေသခံတွေအတွက် ၁ နှစ်စာထိုင်စားလို့ရတဲ့ ဝင်ငွေပမာဏ အထိ ပေးနိုင်သော အဓိကစီးပွားရေးလို့ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။

အရှိန်မြင့်လာတဲ့ ပြည်တွင်းစစ်မီးကြောင့်  ဒေသတော်တော်များများ မလုံခြုံတာမို့ ပြည်တွင်းရဲ့ နာမည်ကျော်ဒေသတွေဟာ ပွင့်လင်းရာသီမှာ ခရီးသွားကျဆင်းနေတာပါ။

လက်ရှိထိ ကလောမြို့ဟာ စစ်ဘေးကင်းလွတ်ဆဲဒေသတစ်ခုမှာပါလို့ခရီးသွားတွေရဲ့ တစ်ခုတည်းသော မျက်စိကျရာနေရာဖြစ်နေပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ ခရီးသွားတွေလာဖို့ အကျပ်အတည်းကြားတွေထဲက ဆွဲဆောင်နေရတယ်လို့ ဆိုပါတယ်။

ဒေသရိုးရာ နာမည်ကျော် မီးရှော်ပွဲလုပ်တာ၊  ခရီးသွားဂရုတွေမှာ ဒေသအခြေအနေကို ကြေညာတာ ၊  ဒေသတွင်းလည်ပတ်ဖို့ စင်းလုံးငှားကားခတွေလျော့ချတာ၊  ဟိုတယ်တွေစျေးလျော့တာ၊  ရေ၊  လျှပ်မီး၊  ဆက်သွယ်ရေးလိုင်း၊  လမ်းပိုင်းတွေ၊ ဧည့်သည်အလာများတဲ့ နေရာတွေပြုပြင်တာကို  ဖုတ်ပူမီးတိုက် လုပ်ခဲ့ရတယ်လို့ပြောကြပါတယ်။

“ဓာတ်ဆီစျေးရော ကုန်စျေးနှုန်းရော ကြောက်ခမန်းလိလိတက်ပေမယ့် ကားခ တက်မတောင်းရဲဘူး၊  ဧည့်သည် မရမှာမို့” လို့ ကလောမြို့ခံကားသမား ကိုဦးက ပြောပါတယ်။

ဒေသခံဆိုင်ကယ်အငှားဆိုင်တွေလည်း ရေမြုပ်လို့ ဆိုင်ကယ်တွေပျက်စီးတာကြောင့်  ငွေချေးပြီး ပြန်ထောင်ထားရတာလို့ ဆိုပါတယ်။

ကလောကို လာနိုင်တဲ့ လမ်းနှစ်ခုမှာ မန္တလေး၊  ရွာငံ လမ်းဟာ တိုက်ပွဲမကြာခဏဖြစ်လေ့ရှိလို့လမ်းပိုင်း မလုံခြုံတာကြောင့် မန္တလေး-ကျောက်ဆည်-ယင်းမာပင်လမ်းကိုသာ ခရီးသွားကားတွေ စုပြုံတိုးတာမို့ နာရီနဲ့ချီ လမ်းကြပ်တာတွေရှိနေတာပါ။

” မန္တလေးနဲ့ ရှမ်းပြည်အစပ် ကျွဲတပ်ဆုံရွာ အိပ်စ်စရေး စစ်တဲ့ဂိတ်မှာ ကားအစီးရေ ၄၀၀ကျော်လောက် အဆင်းလမ်းဆို နေ့တိုင်းပိတ်နေတာ၊ ကုန်စိမ်းတွဲကား၊ Express (ခရီးသည်တင်အဝေးပြေးကားကြီး)၊  ကားသေး ၃ တန်းစီတာတောင် ကြပ်လို့၊ ဒီထဲ  စစ်ဆေး​ရေးဂိတ်က ည ၁၁ နောက်ပိုင်းပိတ်ရင် မနက် ဂိတ်ပြန်အဖွင့်စောင့်ရင်း လမ်းမှာ ဖြစ်သလိုအိပ်ရတာပဲ” လို့ကားသမားတစ်ဦးက ညည်းတွားပါတယ်။

ကလောမြို့ကို သွားတဲ့လမ်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက လူငယ်ခရီးသွားတွေကို ဖမ်းခေါ်တာ၊  အစစ်ဆေးကြမ်း၊ ဂိတ်ဖြတ်သန်းကြေး ထင်သလိုတောင်း၊  လမ်းပိုင်းတိုက်ပွဲတွေ ကြုံနိုင်တာကြောင့် ခရီးသွားတွေ ထင်သလောက် မလာနိုင်ကြဘူး ဧည့်လမ်းညွှန်တွေက ဆိုပါတယ်။

ရောက်လာတဲ့ ခရီးသည်တွေလည်း အရင်နဲ့ မတူတော့ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

“တောင်ကြီး မီးပုံးပျံပွဲတုန်းကပဲ အလာများတာ၊  လာလည်း ငွေမဖြုန်းနိုင်ကြတော့ဘူး”လို့ သူက ပြောပါတယ်။

ခရီးသွားတွေက တောင်ကြီး -အင်းလေး-ပင်းတယ-ကလော ခရီးကို ကလောမြို့ အခြေပြုလည်ကြတာမို ဟိုတယ်အခန်း ၈၀၀ ကျော်လောက်ဟာ ယခင်က အမြဲပြည့်နေတယ်လို့လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ကလောမြို့ဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဆက်သွယ်ရာ ရှမ်းပြည်နယ်ရဲ့ စီးပွားရေးလူမှုရေး တံခါးပေါက် ဒေသပါ။

ရှမ်းပြည်ကနေ ရန်ကုန်-မန္တလေးမြို့ကြီးတွေဆီ ဒေသကုန်စည် သယ်ဆောင်ရာ ရထားလမ်း၊ ကားလမ်း မှာ ရထားလမ်းတွေလည်း အသုံးပြုမှု ကန့်သတ်ထားဆဲပါ၊  ကားလမ်းတစ်ခုတည်း အားကိုးရာမှာလည်း စစ်ဆေးရေးဂိတ်တွေကို  တရားဝင်ရော၊ တရားမဝင်ရော ပေးရတာတွေများနေတာလို့ ကုန်ကားသမားတွေ က ဆိုပါတယ်။

အာလူး၊  ကြက်သွန်ဖြူ၊  ဂေါ်ရခါးသီး၊  မုန်လာထုပ်၊  လိမ္မော်သီး၊  ခရမ်းချဉ်သီး စတဲ့ သီးနှံ စိုက်ခင်းရှိရာ ကျေးလက်တွေဟာ ရာဂီမုန်တိုင်းမိုးနဲ့ တောင်ကျရေတွေကြောင့် ပျက်စီးခဲ့ရပြီး ပြန်လည်စိုက်ပျိုးမှုတွေ နောက်ကျခဲ့တယ်လို့ ခရိုင်စိုက်ပျိုးရေးရုံးကနေ သိရပါတယ်။

ကလောမြို့နဲ့ ၆ မိုင်အကွာ အောင်ပန်းမြို့နယ်မှ တောင်သူက”မြေဆီနဲ့ မျိုးစေ့စျေးက သုံးဆမက ခုန်တက် သွားတာ၊  နွံဖုံးလို့မြေပြန်ပြင်ရတဲ့ နေရာတွေလည်း မစိုက်နိုင်ဘူး”လို့ ပြောပါတယ်။

၂၀၂၄ နှစ်ကုန်က ကလောမြို့တစ်နေရာ။ (ဓာတ်ပုံ ဟန်နာ)

ကျူးကျော်တွေရဲ့ နေထိုင်ရေးဒုက္ခ 

ကလောချောင်းကို တစ်ဖက် ၄ ပေစီ ထပ်ချဲ့ဖို့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကလောမြို့ခံတွေနဲ့ စစ်ကောင်စီအာဏာပိုင်တွေ ဆွေးနွေးခဲ့ပေမယ့် အကောင်အထည်မပေါ်ခဲ့ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

ရေကြီးပြီးနောက်မှာတော့ ကျူးကျော်အိမ်တွေကို အလိုလိုဖယ်ရှားလိုက်သလိုဖြစ်ပြီး ပြန်ဆောက်ခွင့် မရတော့ပါဘူး။ ကလောချောင်းကို ရေဘေးပြန်လည်ထူထောင်ရေးအစီအစဉ်နဲ့ တစ်ဖက်  ၁၅ ပေစီ ချဲ့နေတာပါ။

“ကျူးဆိုပြီး တာဝန်ရှိတဲ့သူတွေဆီက အထောက်အပံ့မရဘူး၊  ပုဂ္ဂလိက အလှူရှင်တွေလာပေးတော့လည်း စာရင်းချန်ခံရ။ လူတောင် မနည်းလွတ်အောင်ပြေးခဲ့ရတော့ အကုန်ပြောင်တဲ့အပြင် အခု နှင်ထုတ်ပါခံရတယ်”လို့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးက ရင်ဖွင့်ပါတယ်။

ကျူးကျော်တွေအတွက် နေအိမ်နဲ့ မြေနေရာကို အလှူရှင်တွေအထောက်အပံ့နဲ့ လတ်တလော ကူညီရှာဖွေ စီစဉ်ပေးနေတယ်လို့ မြို့ခံ ကရုဏာပရဟိတအသင်းတာဝန်ရှိသူ ဦးပြားက ပြောပါတယ်။ 

“ပေ ၃၀ အထိ ချဲ့လိုက်တာကြောင့် ကလောချောင်းကျူးနဲ့ မီးရထားနယ်မြေကျူးဆိုပြီး နှစ်မျိုး ကွဲသွားတယ်၊  ကျူးကျော်အိမ်ထောင်စုလည်း ရာချီပိုတိုးလာတာ” လို့လည်း ၎င်းက ဆိုပါတယ်။

“သူတို့က ရေမတက်ခင်ကတည်းက ဖျက်သိမ်းမိန့်ကျခဲ့တော့ အစိုးရဆီက ဘာအထောက်အပံ့မှ မရကြဘူး” 

အိမ်ထောင်စုတစ်ခုကို ပေ ၃၀ ပတ်လည် မြေနေရာမှာ အိမ်ဆောက်ပြီး ပြန်ချပေးနေတာ အလုံး ၅၀ ကျော် ဆောက်ပေးနိုင်ခဲ့ပြီး အများအပြားကျန်နေဆဲဖြစ်ပါတယ်။

ဘေးနှစ်သွယ်အမွှာဆင့်ဒုက္ခ

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရေးပဋိပက္ခနဲ့  ဥတုကပ်ဘေး နှစ်သွယ် ဆိုက်ရောက်နေတာလို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေး အင်စတီကျု  ISP Myanmar ရဲ့ သုတေသန ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ရာဂီမုန်တိုင်းအဖျားခတ်လို့ လူသေဆုံးမှုဟာ မြန်မာနိုင်ငံကို ဒဲ့ဝင်ရောက်တဲ့၂၀၁၅ ကိုမန်မုန်တိုင်း၊  ၂၀၂၃ မိုခါမုန်တိုင်းတို့ထက် ၃ ဆ ပိုများခဲ့တာပါ။

ရေဘေးကာလနဲ့ပြန်လည်ထူထောင်ရေးမှာ ရပ်ရွာအတွင်း ကိုယ်ထူကိုယ်ထနဲ့ လုပ်ဆောင်ခဲ့ရပြီး စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဌာနရဲ့လုပ်ဆောင်ပေးမှုက နည်းပါးလွန်းတယ်လို့ အဲဒီဆောင်းပါးမှာ ဝေဖန်ထားပါတယ်။

ကူကယ်ရာမဲ့ ဥတုဘေးဒုက္ခသည်တွေကို တအုပ်တမ နိုင်ငံတော်အဆင့်နဲ့ ကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ဘဲ  ပြည်တွင်းဆယ်လီတွေ၊  လုပ်ငန်းရှင်သူဌေးတွေကပဲ တစ်ဦးချင်း ကူညီထူထောင် လှူကြတယ်လို့ ဆိုပါတယ်။

ကလောရေဘေးကာလမှာ ကျွမ်းကျင်ပြီး အသက်ကယ်ပစ္စည်းကိရိယာအစုံအလင်နဲ့ လေ့ကျင့်ထားတဲ့ အဖွဲ့ကမဟုတ်ဘဲ ရဲရင့်ပြီး အများအကျိုးလိုလားတဲ့ လူငယ်လေးတွေက ဝင်ရောက်ကယ်ဆယ်ရာကနေ ဆယ်ကျော်သက် မီးရထားဝန်ထမ်းလူငယ် ၃ ဦး သေဆုံးခဲ့ရတာက သက်သေပါ။

“ကြိုးတစ်ချောင်းပဲ သူတို့ ပါသွားကြတာ၊  ခါးမှာတန်းချီပြီး အိမ်ခေါင်မိုးတွေကလူတွေကို သွားကယ်ကြ တာ၊  ကြိုး​ပြတ်ပြီး ရေစီးနဲ့ အကုန်မျောသွားတာ၊  ကိုယ့်ရှေ့ဒုက္ခရောက်နေတာတွေ့လို့ သွားကယ်ကြတာ” လို့ သေဆုံးလူငယ်တစ်ဦးရဲ့မိခင်က ပြောပါတယ်။

ရေကြီးနေစဉ် ကလောမြို့ဒေသခံတချို့ကို နေအိမ်ခေါင်မိုးများပေါ် တွေ့ရစဉ်။ (ဓာတ်ပုံပေးပို့)

ထင်းရှူးမြေအတွက် အချက်ပေးခေါင်းလောင်း

၂၀၂၄  ဇူလိုင်မှ စက်တင်ဘာလအထိ ဖြစ်ခဲ့တဲ့ သဘာဝဘေးတွေမှာ ရေဘေးက နိုင်ငံတဝန်းက လူပေါင်း ၅ ဒသမ ၇ သန်းအပေါ်  သက်ရောက်ပြီး စိုက်ပျိုးမြေဧက ၁၀ သန်းကျော် ရေလွှမ်းမိုးခဲ့ပါတယ်။ 

၂၀၂၄ အတွင်း မြန်မာနိုင်ငံ သဘာဝဘေးပြန်လည်သုံးသပ်တဲ့ MM Weather ရဲ့ နှစ်ချုပ်အစီရင်ခံစာ မှာတော့ ရေဘေးကြောင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၆၆ ဘီလီယံကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ ဥတုဖောက်ပြန်ပြောင်းလဲမှု အန္တရာယ်ညွှန်းကိန်း (Global Climate Risk Index) မှာ နိုင်ငံပေါင်း  ၁၈၃ နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံက ဥတုဖောက်ပြန်မှု ဒုတိယနေရာမှာရှိနေတာမို့ ဆိုးကျိုးဒဏ်အခံရနိုင်ဆုံး ထိပ်တန်းစာရင်းဝင် ဖြစ်နေတာပါ။

လွန်ခဲ့တဲ့ ငါးနှစ်ကပဲ တောင်ပေါ်ကလောမြို့ဟာ သဘာဝဘေးခံရမယ်လို့မထင်ခဲ့ကြောင်း ကလောစစ်တမ်းမှာ ဖြေဆိုခဲ့တဲ့ ဒေသခံတွေဟာ သဘာဝဘေးဒဏ်ကို အလူးအလဲ ခံခဲ့ရပြီဖြစ်ပါတယ်။

တောင်ပေါ်သားတွေ ရေလမ်းခရီးဆို ၄ သိန်းပေါက်တဲ့ခရီး ၆ သိန်းပေးတောင် မလိုက်ကြတဲ့အထိ ဖြစ်သွားတာလို့ ဒေသခံအလုပ်သမားတွေ ရေဘေးအပေါ်စိတ်ဒဏ်ရာရသွားပုံကို လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

ရေဘေးဖြစ်ပြီး ဖုံးလွှမ်းသွားတဲ့ မြေထုဟာ ကလောရဲ့မူလမြေမဟုတ်တော့ဘဲ မြေမွတွေ ကျန်ခဲ့တာမို့ အခုနှစ်မှ ဖုန်ထမှု ပိုကြုံနေကြောင်း  သဘာဝပတ်ဝန်းကျင်ရေးရာ စိတ်ဝင်စားတဲ့ ဒေသခံဧည့်လမ်းညွှန်က ဆိုပါတယ်။

“ လေရှူလိုက်ရင်ကို ဖုန်နံ့လိုလို နေတယ်လို့ အားလုံးခံစားမိကြတယ်။ အရင်လို လေက မလတ်ဆတ်ဘူး” 

ISP ရဲ့သုတေသနဆောင်းပါးမှာတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အစိုးရနှစ်ဆက်စလုံးမှာ မြန်မာနိုင်ငံရဲ့ဥတုကပ်ဘေး သတိပြုစရာနဲ့ ဥတုဖောက်ပြန်မှုကြောင့် လူ့အဖွဲ့အစည်းနစ်နာနိုင်ချေကို ထောက်ပြထားပါတယ်။ 

ဥတုကပ်ဘေးဟာ မြန်မာနိုင်ငံအတွက် အရေးပေါ်ထိုးရမဲ့ခေါင်းလောင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရာသီ ဥတုဘေး ခြိမ်းခြောက်ခံနေရပေမယ့် စစ်အာဏာသိမ်းပြီးနောက် သဘာဝမုန်တိုင်းထက် နိုင်ငံရေးမုန်တိုင်း ကိုသာ ပိုရှေ့တန်းတင်နေကာ အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်တွေထဲမှာတောင် သူတိုနဲ့ နိုင်ငံရေးဆက်စပ်သူကိုသာ ရွေးချယ်ထောက်ပံ့တာ ဒါမှမဟုတ် ကပ်ဘေးကို လက်နက်သဖွယ် အသုံးပြုခဲ့ကြတာလို့ သုံးသပ်ထားပါတယ်။

ရာသီဥတုပြောင်းလဲလာတာကြောင့် ကလောမှာ လာမယ့်နှစ်တွေမှာလည်း အခုလို့ရေကြီး မြေပြိုတာတွေ ဖြစ်နိုင်လာတယ်လို့ဒေသခံတွေက လက်ခံယုံကြည်လာပေမယ့် ဥတုကပ်ဘေးမှာ လိုက်လျောညီထွေစွာ ဘယ်လိုပြင်ဆင်နေထိုင်ရမယ်ဆိုတာတော့ ဝေဝါးနေဆဲလို့ ဆိုကြပါတယ်။

“ဘယ်သူမှလည်း ဘယ်လိုနေ ဘယ်လိုရှောင်လို့ လာပြောတာမရှိဘူးလေ။ မိုးပြိုအများလို့ မှတ်ရမှာပဲ” လို့ ဒေသခံတစ်ဦးက ညည်းညူပြောဆိုလိုက်ပါတယ်။

(ကာယကံရှင်များ၏ ဆန္ဒအရ ဆောင်းပါးပါ အမည်အချို့ကို လွှဲပြောင်းဖော်ပြထားပါသည်)


Related Articles

Back to top button