သတင်း

တစ်လကျော်ကြာ ဖမ်းဆီးခံထားရသည့် UEC အဖွဲ့ခွဲဝင်များကို ပြန်လွှတ် 

အာဏာသိမ်း စစ်ကောင်စီက တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကို ပြန်လွှတ်လိုက်ကြောင်း ပြည်နယ်နှင့် မြို့နယ်အဆင့် အဖွဲ့ဝင်အချို့ထံမှ သိရသည်။

ပြည်နယ်နှင့် တိုင်းအားလုံးရှိ ပြည်နယ်/တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အဖွဲ့ခွဲဝင်များကို ပြန်လွှတ်ပေးမည့်သတင်းကို ယမန်နေ့ (မတ် ၁၆) ညပိုင်းက ကြားသိရပြီးနောက် ယနေ့ (မတ် ၁၇) နံနက် ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ 

“ဟုတ်ကဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ။ (လက်မှတ်ထိုးခိုင်းတာ စစ်ဆေးမေးမြန်းတာ) မရှိပါဘူး။ ကျွန်တော်တို့ကို ခေါ်ထားတဲ့သဘောပါ။ ခေါ်ပြီးတော့ အနားယူခိုင်းတဲ့သဘောပါ” ဟု ရန်ကုန်တိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြင့်က Myanmar Now ကိုပြောသည်။

ပြန်လွှတ်ပေးရသည့် အကြောင်းရင်းနှင့် ပြည်ထောင်စုအဆင့် UEC အဖွဲ့ဝင်များ ပြန်လွှတ်၊ မလွှတ်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။

“ဖမ်းတာတော့ မဟုတ်ပါဘူး ခဏခေါ်လိုက်ပြီးတော့ စာရင်းဝိုင်းဝန်ကူပေးဖို့ ပြောတာပါ။ သူတို့ကြည့်တဲ့ စာရင်းဇယားတွေကို ကျွန်တော်က နေရာပြပေးတာပေါ့နော်။ သူတို့ကြည့်ချင်တဲ့အပိုင်းကို ဘယ်မှာရှိတယ် ဘယ်နေရာရှိတယ် ပြပေးတာပေါ့” ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက အဖမ်းခံခဲ့ရသည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် UCE ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်က ပြောသည်။

တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးချိန်တွင် မြို့နယ်အဆင့်အဖွဲ့ခွဲဝင်များကို စစ်ဆေးတွေ့ရှိချက်မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းသည်များ ရှိခဲ့သည်ဟု ပြည်နယ်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ဦးက ပြောကြားသည်။

သို့သော် မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးကမူ ထိုသို့ လက်မှတ်ထိုးပေးရခြင်း မရှိကြောင်း ငြင်းဆိုသည်။ 

ပြည်နယ်နှင့်တိုင်းအဆင့် UEC အဖွဲ့ဝင်များကို တိုင်းစစ်ဌာနချုပ်များတွင် ဖမ်းဆီးထားပြီး ခရိုင်၊ မြို့နယ်အ ဆင့်အဖွဲ့ဝင်များကို သက်ဆိုင်ရာ တပ်ရင်းများ၏ ဧည့်ရိပ်သာများတွင် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့နှင့် အဖွဲ့ခွဲဝင်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ခံအစိုးရ အဖွဲ့ဝင်များကို အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီး ပြီးနောက် တစ်ရက်အကြာတွင် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့သည်။

ဖေဖော်ဝါရီ ၂၆ တွင် စစ်ကောင်စီ ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၅၃ ခုနှင့် တွေ့ဆုံကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ 

တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၈ ခု ရှိသည့်အနက် တွေ့ဆုံပွဲမတက်သည့် ၃၈ ပါတီတွင် NLD အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် ပြည်သူ့ပါတီ (PP) တို့ ပါဝင်ခဲ့သည်။ 

Show More

Related Articles

Back to top button