သတင်း

စစ်ကောင်စီတပ်ဖွဲ့က ပုဂံဒေသခံအချို့ကို ဖမ်းဆီးရိုက်နှက်၊ ပြည်သူများပိတ်ဆို့ထား၍ ပြန်လွှတ်

ညောင်ဦးမြို့နယ် မြင်းကပါရွာ၌ ယမန်နေ့ (မတ် ၁၆) ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်အချက် ပေါင်းများစွာ ပစ်ခတ်ပြီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ရာ ​ဒေသခံများက လမ်းများ​ပေါ်ထွက်၍​​ တားဆီးပိတ်ဆို့ ထားသဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

“သံဗုံးတီးတာ တိုင်လို့ဆိုပြီး အကြမ်းဖက်အဖွဲ့အစည်းတွေ ရောက်လာတယ်။ ရွာထဲကိုပတ်တယ်။ စားသောက် ဆိုင်ဝန်ထမ်း ၅ ယောက်ကို ဖမ်းတဲ့အခါ တစ်ယောက်က ထွက်ပြေးသွားတယ်။ အဲမှာ ရွာက လေးယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အခါမှာ သေနတ်အချက်ရေ ရာကျော်ပစ်ခတ်ခဲ့တယ်။ ညောင်ဦးနဲ့ ပုဂံက ပြည်သူ တွေ သတင်းရပြီး ရပ်ကွက်တိုင်း လမ်းပေါ်ထွက်ကြတယ်။ အဲမှာ မြင်းကပါရွာက ဖမ်းထားတဲ့ လေးယောက်ကို ပြန်လွှတ်ပေးပြီး ညောင်ဦးဘက်ကို အကြမ်းဖက်အဖွဲ့အစည်းတွေ ပြန်လာခဲ့တယ်” ဟု ညောင်ဦး မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

မြင်းကပါရွာ ပစ်ခတ်မှုတွင် ​ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့​​သော်လည်း ဖမ်းဆီးခံရသော စားသောက်ဆိုင်ဝန်ထမ်း ၄ ဦးမှာ ရိုက်နှက်ကန်ကျောက်ခံခဲ့ရသည်ဟု အထက်ပါ​မြို့ခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ညောင်ဦးမြို့သို့ သွား​ရောက်ပြီးနောက် အောင်ဇေယျရပ်ကွက်နေ ပြည်သူ တစ်ဦးကိုလည်း လိုက်လံရိုက်နှက်ခဲ့သည်ဟု ညောင်ဦးမြို့ခံ အခြားသူတစ်ဦးကလည်း ပြောသည်။

“သူက လမ်းမီးတွေ ပိတ်ထားတဲ့အချိန်မှာ ရပ်ကွက်ကင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းက လူနဲ့ မှားပြီး သတင်းမေးမိပါတယ်။ အဲချိန် သူ့အိမ်ထဲထိလိုက်ပြီး သေနတ်ဒင်နဲ့ရိုက် စစ်ဖိနပ်တွေနဲ့ကန်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ခေါင်းအက်ကွဲဒဏ်ရာရပြီး ၇ ချက်ချုပ်ရပါတယ်။ မျက်နှာဖူးရောင် ဒဏ်ရာရခဲ့ပါတယ်။ မျက်လုံးဖွင့်မရပါ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်လက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းမှုများရှိနေသော်လည်း ပုဂံနှင့် ညောင်ဦးမှ ဒေသခံပြည်သူများသည် ပုံစံအမျိုးမျိုးဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒထုတ်ဖော်နေကြဆဲဖြစ်သည်။ 

Show More

Related Articles

Back to top button