
မတ်လ ၃ ရက်တွင် ရန်ကုန်မြို့ သပိတ်စစ်ကြောင်းအသီးသီးမှ အဖမ်းခံခဲ့ရသည့် ကျောင်းသား ၃၀၀ ကျော်ကို အာဏာသိမ်းစစ်အုပ်စုက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုလိုက်ကြောင်း ရှေ့နေများထံ မှသိရသည်။
ရန်ကုန်မြို့တွင် မတ်လ ၃ ရက်က တာမွေမြို့နယ်အပါအဝင် အခြားသပိတ်စစ်ကြောင်းအသီးသီးမှ ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသား ၃၀၀ ကျော်ရှိပြီး ကျောင်းသားအမည်စာရင်း အတိအကျကို မသိရသေးဟု ကျောင်းသားများအတွက် အမှုလိုက်ပေးနေသည့် ရှေ့နေများက ဆိုသည်။
“တာမွေရဲစခန်းကတော့ ပြောပါတယ်။ ၃ ရက်နေ့ကဖမ်းတဲ့ ကျောင်းသား ၃၀၀ လုံးကို တရား စွဲမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အမှုစစ်က မရှိဘူးတဲ့။ တရားရုံးသွားတယ်တဲ့။ အမှုစစ်ကို ဖုန်းဆက်တာ ဆက် လို့မရဘူး။ ကျွန်မတို့က တာမွေတရားရုံးကို လိုက်သွားတာ ရုံးစောင့်ကလွဲလို့ ဘယ်သူမှမ ရှိဘူး” ဟု ရှေ့နေတစ်ဦးက ပြောသည်။
တရားစွဲခံရသည့်အခြေအနေကို ကျောင်းသားမိဘများထံ အကြောင်းကြားထားပြီး ရုံးထုတ်မည့် အခြေအနေအသေးစိတ်ကို လုံးဝမသိရသဖြင့် အခက်အခဲတွေ့နေရကြောင်းလည်း ၎င်းရှေ့နေက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက အင်တာနက်များပိတ်ထားသဖြင့် Video Conferencing ဖြင့် ရုံးထုတ်ရာတွင် ရက်ရွှေ့ခံရသည့် ဖြစ်ရပ်များလည်းရှိနေကြောင်း ၎င်းက ပြောသည်။
“သမဂ္ဂအနေနဲ့ကတော့ သူတို့ရဲ့တရားစီရင်ရေးကို အခုချိန်မှာ အယုံအကြည် မရှိတဲ့အတွက် ဒါတွေကို အသိအမှတ်ပြုသွားမှာ မဟုတ်ဘူး။ သမဂ္ဂအနေနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို ဆက်လက်ဦး တည်ပြီး တိုက်ပွဲဝင်သွားမယ်” ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မတ်လ ၃ ရက်က တာမွေသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရစဉ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကိုဘုန်းထက်နောင်၊ ကိုအောင်ဖုန်းမော်နှင့် ကိုလေပြေစိုးမိုး တို့ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားပြီးဖြစ်သည်။
မတ်လ ၃ ရက်က အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးခံရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင် ကျောင်းသားပြည်သူ ၃၈၉ ဦး အနက် ၁၇၆ ဦးမှာ ရန်ကုန်တက္ကသိုလ်မှဖြစ်ပြီး ရန်ကုန်ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအများစုနှင့် နယ်တက္ကသိုလ်အချို့မှ ကျောင်းသား အနည်းငယ်လ ည်း ပါဝင်သည်။
အဆိုပါ ကျောင်းသားများအနက် အသက် ၁၈ နှစ် မပြည့်သေးသည့် ကျောင်းသား ၅၀ ခန့်ကို လွန်ခဲ့သည့် ငါးရက်က ပြန်လွှတ်ပေးခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၈ နှင့် မတ်လ ၇ ရက်နေ့များတွင်လည်း မန္တလေးနှင့် မကွေးမြို့တို့တွင် ကျောင်းသား စစ်ကြောင်းများဖြိုခွင်းခံခဲ့ရပြီး ကျောင်းသားရာနှင့်ချီ ဖမ်းဆီးခံခဲ့ရသော်လည်း ၁၉ ဦးသာ လွတ်မြောက် သေးသည်။