
စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်း ဇေယျာဖြိုးသည် တပ်မတော် သတင်းစုဆောင်းရေး အတတ်သင်ကျောင်းတွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၄ တွင် အငြိမ်းစားပေးခြင်း ခံရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နှင့်အတူ ရောင်ဝါဖြိုးကုမ္ပဏီကို ပူးတွဲ တည်ထောင်ကြောင်း၊ ၂ဝ၁၆ ဧပြီတွင် သူတို့နှစ်ဦးသည် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့်အတူ ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ၏ ပြောဆိုလုပ်ကိုင်ပုံကို ဆွေးနွေးခဲ့ကြရာမှ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှု ဖြစ်ပေါ်လာကြကြောင်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
နောက်ပိုင်းတွင် အောင်ဝင်းခိုင်က ဦးကိုနီကို လုပ်ကြံရန် တိုင်ပင်ခဲ့ကြောင်း၊ သြဂုတ်လတွင် ဇေယျာဖြိုးက အောင်ဝင်းခိုင်ကို လုပ်ကြံမှုအတွက်သုံးစွဲရန် သိန်း ၁,ဝဝဝ ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
၂ဝ၁၇ ဇန်နဝါရီ ၂၉ တွင် ရန်ကုန်လေဆိပ်ရောက်လာသော ဦးကိုနီ ပစ်ခတ်လုပ်ကြံခံရသည်။ ထိုနေ့ညနှောင်းပိုင်းတွင် ဇေယျာဖြိုးက အောင်ဝင်းခိုင်ကို နေအိမ်သို့ သွားရောက်ခေါ်ယူပြီး တိမ်းရှောင်နိုင်ရန် စီစဉ်ပေးခဲ့သည်၊ အောင်ဝင်းခိုင်ကို နေပြည်တော်သို့ ပို့ဆောင်ရန် ရောင်ဝါဖြိုး ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ ရဲထွဋ်လှိုင်ကို တာဝန်ပေးခဲ့သည်ဟု ရဲက ဆိုသည်။
လေဆိပ်လုပ်ကြံမှုပေါ်ပေါက်ပြီး ၅ ရက်အကြာတွင် တပ်မတော်က ရဟန်းဝတ်ထားသော ဇေယျာဖြိုးကို ဘုန်းကြီးကျောင်းတွင် သွားရောက် ဖမ်းဆီးခဲ့ကြောင်း၊ တပ်နှင့်ရဲ ပူးပေါင်းပြီး ဇေယျာဖြိုးနေအိမ်ကို ရှာဖွေရာ သူ၏ဓာတ်ပုံကပ်ထားသော နိုင်ငံသားစိစစ်ရေးကတ် ၄ ခု တွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဇေယျာဖြိုးကမူ ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်ထဲတွင် အမှားအယွင်း များစွာ ပါဝင်နေသည်ဟု ၂ဝ၁၈ သြဂုတ်တွင် ပြောသည်။ လုပ်ကြံသတ်ဖြတ်မှုကို နောက်ကွယ်မှ စေခိုင်းသူဖြစ်သယောင် ပုံဖော်ခံခဲ့ရသည်ဟု သူက ဆိုသည်။
စွဲချက်၊ ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ် –
ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ (၁) (ခ) / ၁ဝ၉၊ သေဒဏ်
၁၅-၂-၂၀၁၉ ရက်နေ့ ဖြည့်စွက်ချက်
—————
၂ဝ၁၉ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ရာ တရားသူကြီးက ဇေယျာဖြိုးသည် မော်ဒန်လက်ဖက်ရည်ဆိုင်တွင် အောင်ဝင်းခိုင်၊ လင်းဇော်ထွန်းတို့နှင့် တွေ့ဆုံခဲ့သည်ဆိုသည့် အချက် တရားရုံး စစ်ဆေးမှုများအတွင်း မပေါ်ပေါက်ကြောင်း၊ ဇေယျာဖြိုးက လုပ်ကြံ သတ်ဖြတ်ရာတွင် ငွေကြေးလွှဲပေးသည် ဆိုသည့်
အချက်မှာ မထင်ရှား မပေါ်ပေါက်ကြောင်း၊ ဇေယျာဖြိုး၏ ရုံးခန်းတွင် သိမ်းဆည်းရမိသည့် သေနတ် အိတ် ၂ အိတ်မှာလည်း လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် သေနတ်အိတ်များဖြစ်သည်ဟု သက်သေမပြနိုင်ခဲ့ကြောင်း အမိန့်ချမှတ်ရာတွင် ပြောသည်။ သို့သော်လည်း ဇေယျာဖြိုးမှာ ဝရမ်းပြေး အောင်ဝင်းခိုင် သက်သေခံပစ္စည်းဖောက်ဖျက်ရာတွင် ၎င်း၏ ရုံးခန်းကို အသုံးပြုခွင့်
ပေးခဲ့သောကြောင့် ရာဇသတ်ကြီး ပုဒ်မ(၂၀၁)အရ ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့သည်။