သတင်း

စစ်ကောင်စီ၏ သတ်ဖြတ်မှုများကြောင့် တစ်လခွဲအတွင်း ပြည်သူ ၂၀၀ ကျော်ကျဆုံး

စစ်တပ်က အာဏာသိမ်းပြီး တစ်လခွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရားအကြမ်းဖက် ဖြိုခွင်းမှုများကြောင့် ကျဆုံးသွားခဲ့သူ ၂၀၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (မတ် ၁၆) တွင် ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် အခြေအနေများကို AAPP က မှတ်တမ်းပြုစုပြီး နေ့စဉ်ထုတ်ပြန်လျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၆ ရက်အထိ ၄၄ ရက်အတွင်း သတ်ဖြတ်ခံခဲ့ သည့်အရေအတွက်ကို AAPP က ဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လက်မရွံ့လက်နက်ကိုင်များသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူများ ကိုသာမက သာမန်အရပ်သားပြည်သူများကိုပါမချန် အနီးကပ်ပစ်ခတ်ခြင်း၊ စနိုက်ပါများဖြင့် ချိန်ရွယ် ပစ်ခတ်ခြင်းများကို နေရာမရွေး၊ အချိန်မရွေးဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း လည်း AAPP က ဆိုသည်။

ထို့ပြင် ဒဏ်ရာရရှိသူများ ဖမ်းဆီးခြင်းခံရပြီးနောက် ဆေးကုခွင့်မရ၍ အသက်ဆုံးရှုံးသွားခြင်း၊ ဖမ်းဆီးခြင်းခံရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောကြောင့် အသက်ဆုံးရှုံးသွားခြင်း၊ ပစ်သတ်ခံရသောကြောင့် ကျဆုံးသွားသူကိုပင် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ တရွတ်တိုက်ဆွဲခေါ်ခြင်း၊ မိသားစုထံသို့ ပြန်လည်အပ်နှံခြင်း မရှိခြင်း စသည့် လူမဆန်သော လုပ်ရပ်များကိုလည်း အာဏာသိမ်း စစ်အုပ်စု လက်ပါးစေ စစ်တပ်နှင့် ရဲများက နေ့စဉ်နှင့်အမျှ အထိန်းအချုပ်မဲ့  ကျူးလွန်လျက်ရှိသည်ဟု ဖော်ပြထားသည်။

တစ်လခွဲအတွင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၁၀၀ ကျော်ရှိခဲ့ပြီး ပြန်လွတ်လာ သူများနှင့် တိမ်းရှောင်နေသူများရှိသောကြောင့် လက်ရှိအချိန်အထိ လူဦး‌ရေ၁၈၀၀ ကျော် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ‌ကြောင်း AAPP က ဆိုသည်။

ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသူအများစုမှာ ဖမ်းဆီးခြင်းခံရပြီးကတည်းက ၎င်းတို့၏ မိသားစု၊ ၎င်းတို့ကို ကိုယ်စားပြုမည့် ဥပဒေအကျိုးဆောင်တို့နှင့်တွေ့ရှိခွင့် မရသည့်အပြင် ထို့၎င်းတို့ကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုလည်း မသိရှိရကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်ဖြိုခွင်းနေစဉ်အတွင်း ပျောက်ဆုံးသွားသူများနှင့်ပတ်သက်၍လည်း သတင်းအစမျှ မရခြင်းသည်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေဟု AAPP က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်အုပ်စုမှ စစ်အုပ်ချုပ်ရေးအာဏာကို ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ လက်ပါးစေ စစ်တပ်နှင့် ရဲများက ပြည်သူများအပေါ် ကျူးလွန်သော ရမ်းကားရက်စက်မှုများသည် ပို၍ ပြင်းထန် ဆိုးရွားလာခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနေစဉ်အတွင်း နောက်ကြောင်းပြန်၍ အရေး မယူရဆိုသည့်အချက်ကလည်း ၎င်းတို့ ကျူးလွန်သော ရာဇဝတ်မှုများကို ပို၍ကျူးလွန်လာစေရန် ပံ့ပိုးပေးသကဲ့သို့ဖြစ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
 

Related Articles

Back to top button