သတင်း

လှိုင်သာယာတွင် စက်ရုံပိုင်ရှင်တရုတ်က စစ်တပ်ခေါ်သဖြင့် အနည်းဆုံး ၆ ဦးသေဆုံးခဲ့

​လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁) ရှိ တရုတ်နိုင်ငံသားပိုင်း Xing Jia ဖိနပ်စက်ရုံတွင် ယမန်နေ့ (မတ် ၁၆) က လစာကိစ္စအချင်းများပြီး စက်ရုံပိုင်ရှင်က ရဲနှင့် စစ်တပ်ခေါ်ခဲ့သဖြင့် နောက်ဆက်တွဲ ပစ်ခတ်မှုများဖြစ်ပွားပြီး အနည်းဆုံး ၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

လှိုင်သာယာစက်မှုဇုန် (၁) ဒေါ်ဖွားရှင်လမ်းရှိ တရုတ်နိုင်ငံသားပိုင် ဖိနပ်စက်ရုံက လစာပေးမည်ဆို သဖြင့် အလုပ်သမားများ သွားရောက်ခဲ့ရာတွင် လစာအပြည့်မပေးသဖြင့် အချေအတင်ဖြစ်ပွားပြီး  စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက စစ်တပ်နှင့် ရဲကို ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အဆိုပါပဋိပက္ခကို သိရှိခဲ့သူ လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။

“ပိုင်ရှင်တရုတ်က စစ်တပ်ကိုခေါ်လိုက်တာ။ စစ်သားတွေနဲ့ ရဲတွေက စက်ရုံထဲဝင်လာပြီး ဝိုင်းထားတာ။ အလုပ်သမားခေါင်းဆောင် ကောင်မလေးကို ရဲက ပါးရိုက်တာ။ ကောင်မလေးက ပြန်ရိုက်တော့ သေနတ်နဲ့ ပစ်သတ်လိုက်တာ” ဟု လှိုင်သာယာမြို့နယ် ဒိုင်းစုရပ်ကွက်တွင် နေထိုင်သူ အဆိုပါမြို့ခံက ပြောသည်။

ထို့နောက် အလုပ်သမား ၇၀ ခန့်ကို အချုပ်ကားနှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ပြန်လွှတ်ပေးရန် လူစုပြီး လိုက်လံတောင်းဆိုချိန်တွင် စစ်တပ်နှင့် ရဲများက ပြန်လည်ပစ်ခတ်သဖြင့် အမျိုးသား ၅ ဦး ထပ်မံကျဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“စက်ရုံမှာ အချေအတင်ဖြစ်တာက မနက်ပိုင်းပေါ့။ ကျွန်တော်တို့ ယောက်ျားလေးတွေစုပြီး လိုက်တောင်းတာက နေ့ခင်း ၂ နာရီခွဲလောက်ပေါ့။ ကျည်အစစ်တွေနဲ့ ပြန်ပစ်တာ။ အကုန်လုံးထွက်ပြေး ရတယ်။ ၅ ယောက်ကျတယ်။ အလောင်းတွေပြန်ကောက် မရလို့ ရေမြောင်းတွေထဲ ဆွဲချပြီးထားခဲ့ရတယ်” ဟု ဒိုင်စုရပ်ကွက်တွင် နေထိုင်သူ အထက်ပါအမျိုးသားက ပြောသည်။

ည ၉ နာရီခန့်တွင် အလောင်းတစ်လောင်း ကောက်ယူနိုင်ခဲ့ပြီး နံနက် ၄ နာရီခန့်တွင် ကျန်အလောင်း များကို ကောက်ယူနိုင်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့အားလုံး တစ်ညလုံး ပုန်းနေရတယ်။ သေတာက ၆ ယောက်။ အလောင်း ၄ လောင်း ပြန်ရထားတယ်။ အခု ရပ်ကွက်ဓမ္မာရုံ (ဒိုင်စု) မှာ ထားတယ်။ ပြန်ရမတာက နှစ်လောင်း၊ မိန်းက လေးတစ်ယောက် (စက်ရုံတွင်ပစ်ခတ်ခံခဲ့ရသူ) နဲ့ ယောက်ျားလေးတစ်ယောက်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

၎င်းအပါအဝင် ၁၈ ဦးကို ဦးဆောင်မှုဖြင့် တိုင်ခံရထားသည့်အတွက် လက်ရှိတွင်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

“ရပ်ကွက်လမ်းလူကြီး စိုးအောင်ဆိုတဲ့လူက တိုင်တာ။ တိုင်ပြီး သူကိုယ်တိုင် ထွက်ပြေးသွားတယ်။ ဒဏ်ရာရတဲ့သူတွေကို (ပစ်ခတ်ခံရမှုအတွင်း ဒဏ်ရာရခဲ့သူများ) ပန်းလှိုင်ဆေးရုံမှာ တင်ထားတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် ဆက်လက်မေးမြန်း စုံစမ်းနေဆဲဖြစ်သည်။

ယမန်နေ့တွင် လှိုင်သာယာမြို့နယ်၌ အထက်ပါ တရုတ်နိုင်ငံသားပိုင် ဖိနပ်စက်ရုံက စစ်တပ်နှင့် ရဲများကို ခေါ်ခဲ့သဖြင့် နောက်ဆက်တွဲ ပစ်ခတ်မှုများဖြစ်ပွားပြီး အနည်းဆုံး ၆ ဦးသေဆုံးခဲ့သော်လည်း ညပိုင်းတွင် လှိုင်သာယာမြို့နယ်အတွင်း စိုးရိမ်ဖွယ်ရာ ပစ်ခတ်သတ်ဖြတ်ခံနေသည်ဟူသောသတင်းများနှင့် ပတ်သက်၍လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

လှိုင်သာယာဆေးရုံကို ယနေ့နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်တွင် မည်သည့် ရုပ်အလောင်းမှ ရောက်လာခြင်းမရှိသည့်နည်းတူ ဒဏ်ရာရလူနာလည်း မရှိကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အထက်ပါအချက်အလက်မှန်ကန်ကြောင်း ယမန်နေ့ညပိုင်းတွင် လှိုင်သာယာဆေးရုံသို့ ရောက်ရှိနေခဲ့သူ အခြားဆရာဝန်တစ်ဦးကလည်း Myanmar Now ကို အတည်ပြုပြောကြားသည်။

“ညက ဘာမှထပ်ရောက်လာတာ မရှိပါဘူး။ ပစ်တယ်ခတ်တယ်ဆိုလည်း ဥပမာ အောင်ဇေယျတံတား တို့ မီးခွက်ဈေးတို့ဆိုတာ ဆေးရုံနဲ့ သိပ်မဝေးပါဘူး။ တစ်ခုခုသိရမှာပါ။ ဒီမနက်ပြန်လာတော့လည်း လမ်းပေါ်မှာ အေးဆေးဆေးဆေးပါပဲ” ဟု အထက်ပါ ဆရာဝန်က ပြောသည်။

လှိုင်သာယာမြို့နယ် ရေအုပ်ကန်ရပ်ကွက်ဘက်တွင် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း အသေးစိတ် အခြေအနေမသိရသေးဟု ဒေသအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတစ်ခုထံမှ သိရသည်။ 

ယမန် နေ့ညပိုင်းက လှိုင်သာယာမြို့နယ်အတွင်း အခြေအနေများသိရှိနိုင်ရန် အခြားပရဟိတအသင်းများနှင့် သက်ဆိုင်သူများကို Myanmar Now က ဆက်လက်ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button