
ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးရပ်ကွက်တွင် ယမန်နေ့ (မတ် ၁၆) ညပိုင်းက ရပ်ကွက်နေ ပြည်သူများ၏ ညသပိတ်ကို စစ်ကောင်စီလက်နက်ကိုင်များ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသူမှာ အသက် ၂၈ အရွယ်ကိုဆွာလေ့ဟ်(ခ) ဘေတားဖြစ်ပြီး ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ယနေ့ (မတ် ၁၇) နံနက် ၄ နာရီအချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ ကိုဆွာလေ့ဟ်နှင့် တစ်လမ်းတည်းနေထိုင်သူ ကန်တော်လေးရပ်ကွက်သားတစ်ဦးက ပြောသည်။
ယမန်နေ့ည ၈ နာရီကျော်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထိပ်မှစ၍ မျက်ရည်ယိုဗုံးများ၊ သေနတ်မျာဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ကာ အထက်ပါ ကန်တော်လေးရပ်ကွက်နေထိုင်သူက “Probox ကားပေါ်မှ လူနှစ်ယောက် အရင်ဆင်းလာပြီး သေချာချိန်ပစ် တာပါ” ဟု ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အစ္စလာမ်ဘာသာဝင် ကိုဆွာလေ့ဟ်၏ ရုပ်အလောင်းကို ယနေ့ နံနက် ၁၀ နာရီတွင် သင်္ဂြိုဟ်မည်ဟု သိရသည်။