
ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ် ဆယ်နှင့်ချီ သတ်ဖြတ်နေသော်လည်း၊ မြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားသော်လည်း၊ မိုဘိုင်းဖုန်းအင်တာနက်ဖြတ်တောက်ကာ ဆက်သွယ်ရေးကိုထိန်းချုပ်ထားသော်လည်း ယနေ့တွင် ရန်ကုန် ၊မန္တလေး၊ မုံရွာ၊ မြင်းခြံအပါအဝင် နိုင်ငံတစ်ဝန်း အနည်းဆုံး မြို့ပေါင်း ၃၂ မြို့တွင် ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသော ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့နယ်မှာပင် စစ်အုပ်ချုပ်ရေးကို အန်တုကာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည်။ Myanmar Now က ရရှိသော စာရင်းအရ မတ် ၁၆ ရက်တွင် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြသောမြို့ပေါင်း ၃၂ ရှိပြီး၊ဖုန်းအင်တာနက်ပိတ်ထားသဖြင့် ဆက်သွယ်ရေးအခက်အခဲကြောင့် ဆန္ဒပြမှုပြုလုပ်သော်လည်း ထိုအခြေအနေကို မသိရသေးသော မြို့များလည်း ကျန်ရှိနိုင်ပါသည်။
မြို့များအပြင် ကျေးရွာများတွင်ပါ ဆန္ဒပြပွဲများပေါ်ပေါက်လာပြီး ယနေ့တွင် အနည်းဆုံး ရွာ ၉ ရွာ ဆန္ဒပြခဲ့သည်။ ဆန္ဒပြသောကျေးရွာများ ထို့ထက်များစွာပိုနိုင်သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် ကျန်ရှိနိုင်ပါသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ငြိမ်းချမ်းစွာဆန္ဒပြသူများကို သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သဖြင့် ယခုနောက်ပိုင်း ကြွေးကြော်သံစာသားများ၊ ဆိုင်းဘုတ်များဖြင့် လူမဲ့သပိတ်၊ လူမဲ့ဆန္ဒပြပွဲ ၊ ပြောက်ကျားသပိတ် စသဖြင့် ဒေသအချို့တွင် ပုံစံပြောင်းလဲကျင်းပလာသည်ကို တွေ့ရသည်။
ထို့ပြင် ယခင်ရက်က ညကျဆုံးခဲ့သော အာဇာနည်များအတွက် နာရေးလိုက်ပါပို့ဆောင်ရင်း ဆန္ဒထုတ်ဖော်မှုများလည်းရှိသည်။ ပြည်မြို့တွင် ကျဆုံးသူနှစ်ဦးဈာပနနှင့် တောင်ဒဂုံကျဆုံး သူ ၂ ဦး နာရေးတို့ ကျင်းပရင်း လိုက်ပါပို့ဆောင်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် ဆန္ဒပြသူနှင့် ဆန္ဒပြသောနေရာ အများဆုံးဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်အပြင် သင်္ဃန်းကျွန်း၊ အင်းစိန်၊ သာကေတ၊ စမ်းချောင်း၊ လှိုင်နှင့် သန်လျင် မြို့နယ်တို့တွင် ဆက်လက်ဆန္ဒပြခဲ့သည်။
အလားတူ မန္တလေးမြို့တွင်လည်း အမရပူရ၊ အောင်မြေသာဇံ မြို့နယ်တို့တွင် ဒေသခံများနှင့် မြတောင်စစ်ကြောင်း၊ သံဃာ့သပိတ်၊ အင်ဂျင်နီယာအဖွဲ့– လူမဲ့သပိတ် တို့ဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်သည်။

ထို့ပြင် မုံရွာ၊ မြင်းခြံ၊ မိုးကုတ်၊ ကောလင်း၊ ရေဦး၊ မင်းတပ်၊ ဘုရားသုံးဆူ၊ ကသာ၊ သိမ်ဇရပ်၊ ပုသိမ်၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ ကျွန်းလှ၊ မော်လမြိုင်၊ ရွှေဘို၊ ရေစကြို၊ ဖြူး၊ ဆားလင်းကြီး၊ ပျဉ်းမနား၊ မုဒုံ၊ သပိတ်ကျင်း၊ အောင်ပန်း၊ မြိုင်၊ လွိုင်ကော် ၊ ပဲခူး ၊ နောင်ချို၊ ချောက်၊ စေတုတ္တရာ၊ မြစ်သား၊ ဝမ်းတွင်းမြို့တို့တွင် ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒထုတ်ဖော်နေသည်။
မြို့များအပြင် ကျေးလက်ဒေသများတွင်ပါ ဆန္ဒထုတ်ဖော်နေသည်။ ယနေ့တွင် ဒီပဲယင်းမြို့နယ် ပုဂံရွာ၊ ရွှေဘိုမြို့နယ် ရေကြည်ဝကျေးရွာ၊ ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာ၊ ဖားကန့် ဝှေခါရွာ၊ ကျွန်းလှမြို့နယ် တင်းတိမ်ရံရွာ၊ ဗန်းမော်မြို့ရှိ စံပြရွာများဖြစ်သော ကမ်းနီရွာ၊ ကျွန်းကြီးရွာနှင့် မိုင်းကာရွာ၊ ဒီမောဆို့နှင့် လွိုင်ကော်အကြား ပန်ကန်းဂိတ် ဒေါပိုးစီကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။
မတ်လ ၁၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြဖမ်းဖက်သတ်ဖြတ်မှုများကြောင့် ဆန္ဒပြပြည်သူ ဒါဇင်ပေါင်းများစွာလည်းကောင်း၊ မတ်လ ၁၅ ရက်တွင် ပြည်သူ အနည်းဆုံး ၂၀ သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်နေ့တွင် မန္တလေးမြို့မှ စတင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများမှာ မတ် ၁၆ ရက်နေ့တွင် ရက်ပေါင်း ၄၀ ရှိလာပြီဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်နေသော်လည်း နေရာပေါင်းစုံတွင် ပုံစံမျိုးစုံဖြင့် ဆက်လက်ဆန္ဒပြနေကြခြင်းဖြစ်သည်။