သတင်း

ကမ္ဘောဇဘဏ်တွင် ပိုက်ဆံလာထုတ်လာသူအချို့ ဖမ်းဆီးခံရ 

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ်တွင် ယနေ့ (မတ် ၁၆) ၌ မွန်းလွဲပိုင်းက ဘဏ်၌ ပိုက်ဆံလာထုတ်သူအချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

ပြည်လမ်း မာလာဆောင်ရှေ့ရှိ ကမ္ဘောဇဘဏ်ခွဲသို့  ပိုက်ဆံလာထုတ်သူများကို ဘဏ်ဝန်ထမ်းများက အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ဖုန်းဆက်တိုင်ကြားခဲ့သဖြင့် ငွေထုတ်သူ ၄ ဦး အဖမ်းခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူနှစ်ဦး၏ အမဖြစ်သူက Myanmar Now ကို ယနေ့ညပိုင်းတွင် အတည်ပြုပြောကြားသည်။ 

ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဇဘဏ်ခွဲသည် ဖွင့်လှစ်နေကြောင်း သိရှိရသဖြင့် ငွေထုတ်သူ ၂၀ ခန့် ရောက်လာစဉ်  ဘဏ်ဝန်ထမ်းများက ပိုက်ဆံမထုတ်ပေးသဖြင့် ငွေစာရင်းပိတ်မည်ပြောဆိုရာ နှစ်ဖက်အချင်းများခဲ့ပြီး ဘဏ်ဝန်ထမ်းများက စစ်တပ်ကို ဖုန်းဆက်ကာ ဖမ်းဆီးခိုင်းလိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ပိုက်ဆံထုတ်တဲ့လူ အရမ်းများလာတဲ့အခါကျတော့ သူတို့ မနိုင်တော့ဘူး။ ဘဏ်တံခါးကို ဆွဲပိတ်ပစ်တယ် တဲ့။ အထဲမှာ ကတောက်ကဆတ်တွေဖြစ်ကြတယ်ပြောတယ်။ အဲဒီလိုဖြစ်တဲ့အခါကျတော့ ကမ္ဘောဇဘဏ် ဘက်က စစ်တပ်ကိုဖုန်းဆက်ခေါ်တာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးခံရသူများတွင် ၎င်း၏ ညီမဖြစ်သူ မစုသက်မွန်နှင့် သူ၏အမျိုးသား ကိုသန့်စင် အပါအဝင် စုစုပေါင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၄ ဦးဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ညနေ ၃ နာရီဝန်းကျင်တွင် စစ်တပ်နှင့် ရဲများရောက်ရှိလာပြီး ဖမ်းဆီးခံရသူများ၏ ဖုန်းများကို သိမ်းယူခဲ့ ကြောင်း ကမ္ဘောဇဘဏ်ခွဲ အင်ဂျင်နီယာဌာနတွင် လုပ်ကိုင်နေသူတစ်ဦးက ၎င်းတို့ကို ပြောပြခဲ့သည်ဟု ဆိုသည်။ 

ကမ္ဘောဇဘဏ်ဖွင့်သဖြင့် ငွေစာရင်းသွားပိတ်ရာ လူအရမ်းများလာချိန်တွင် စစ်သားများနှင့် ရဲများ ရောက်လာပြီး ဘဏ်သို့ရောက်ရှိနေသူ ၅၀ ကျော်အနက်မှ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု လည်း ဇာနည်ဇော်ဝင်းဆိုသူ အမျိုးသားတစ်ဦးက ၎င်း၏ Facebook တွင် ရေးတင်ထားသည်။

“ကျွန်တော့်အမျိုးသမီးနဲ့ ခယ်မ ပြည်လမ်း KBZ မှာ ငွေစာရင်းသွားပိတ်တာ။ လူတွေအရမ်းများလာပြီး ဘဏ်က မထိန်းနိုင်တော့လို့ ရဲခေါ်လိုက်တယ် ထင်ပါတယ်။ စစ်သားတွေ၊ ရဲတွေ အများကြီးရောက်လာ ပြီး သူတို့နှစ်ယောက် (အမျိုးသမီးနှင့် ခယ်မ) ရယ်၊ တခြားအမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဒီနေ့နေ့လယ် ၃နာရီလောက်က ဖမ်းခေါ်သွားပါတယ်” ဟု Facebook တွင် ရေးတင်ထားသူ အဆိုပါအမျိုးသားက Myanmar Now ကို ပြောသည်။

ဇနီးဖြစ်သူ ခင်ခင်စီနှင့် ခယ်မဖြစ်သူ မြင့်မြင့်သူတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ရွှေပြည်သာသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုလည်း ကြားသိရသော်လည်း အတိအကျ မသိရသေးကြောင်းလည်း ၎င်းက ပြောသည်။ 

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ရုပ်သံဗီဒီယိုတစ်ခုတွင် ပြည်လမ်းဘဏ်ပေါ်ရှိ ကမ္ဘောဇဘဏ်ရှေ့ ရောက်နေသူများက “ဘာဖြစ်လို့ တံခါးပိတ်တာလဲ၊ ဘာလို့ပုန်းနေတာလဲ။ ဘဏ်ဖွင့်တယ်၊ ဖွင့်ရဲ့သားနဲ့ ဘာဖြစ်လို့ လက်ဝါးချင်းရိုက်ပြီးတော့ပဲ ဖွင့်တာလဲ” ဟု အော်ဟစ်နေကြသည်ကို တွေ့ရှိရသည်။

ဘဏ်ဖွင့်သဖြင့် ရောက်လာခြင်းဖြစ်ကာ နံနက်ကတည်းက စောင့်နေခြင်းဖြစ်ပြီး ပိုက်ဆံလာထုတ်သူတွေ ကို ဘာလို့တံခါးမဖွင့်ပေးတာလဲဟုလည်း အော်ဟစ်မေးမြန်းနေသည်ကို တွေ့ရှိရသည်။

ရုပ်သံဗီဒီယိုတွင် “ရဲကားကို ဖုန်းဆက်ရင် ခင်ဗျားတို့ တာဝန်ယူရမယ်။ ကမ္ဘောဇဘဏ်တာဝန် ယူရမယ်။ သစ္စာဖောက် လောက်ကော်တွေ” ဟု အော်ဟစ်နေသည်ကိုလည်း တွေ့ရှိရသည်။ 

ကမ္ဘောဇဘဏ်တွင် ဖမ်းဆီးရမိသူ ၄ ဦးနှင့် ပတ်သက်၍ အရေးယူရန် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ယနေ့ည ၈ နာရီသတင်းတွင် စစ်ကောင်စီ၏ ထိန်းချုပ်ထားသည့် MRTV က ကြေညာ ထားသည်။

မတ္ထီလာမြို့နယ် KBZ ဘဏ်ခွဲ ၃ တွင်လည်း နေ့လယ် ၂ နာရီခန့်က ငွေထုတ်သူတစ်ဦးနှင့် ဘဏ်လုံခြုံရေးဝန်ထမ်းတို့ စကားများပြီးနောက် ရဲ ၁၀ ဦးခန့် ဘဏ်သို့ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“အစ်မကြီးတစ်ယောက်နဲ့ လုံခြုံရေးတွေနဲ့ စကားများ‌တာတွေ့တယ်။ အစ်မကြီးက ဘဏ်ရှေ့မှာပဲ ဆက်ထိုင်ပြီးပြောနေတယ် ဘာပြောလဲတော့ သေချာမသိဘူးပေါ့နော်။ ခဏကြာတော့ မန်နေဂျာထွက်လာပြီး ၁၅ မိနစ်လောက်နေတော့ ရဲကားရောက်လာတာပဲ” ဟု ၎င်းကပြောသည်။

မိတ္ထီလာ KBZ ဘဏ်ခွဲ ၃ တွင် ငွေထုတ်သူများကို တစ်ဦးလျှင် ငါးသိန်းကျပ်သာ ခွင့်ပြုခဲ့ပြီး တချို့တစ်ဝက်သာ ထုတ်ခွင့်ရခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button