
ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် လွန်ခဲ့သည့် ၄ နှစ်ခန့်က အငြိမ်းစားယူပြီးနောက် ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးနှင့် ပူးတွဲပြီး ရောင်ဝါဖြိုး ကုမ္ပဏီကို တည်ထောင်သည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးသည် ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် မကြာခဏ တွေ့ဆုံစဉ် ရှေ့နေ ဦးကိုနီ၏ ပြောဆိုလှုပ်ရှားမှုများအကြောင်း ဆွေးနွေးခဲ့ကြပြီး “အမျိုးသားရေးစိတ်ဓာတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာကာ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးမကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ ခြင်းမှ အစပြု၍ ယခုကဲ့သို့ လုပ်ကြံမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်” ဟု ရဲချုပ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ထိုသို့ မကြာခဏ တွေ့ဆုံစဉ် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းလည်း ပါဝင်သည်၊ သို့သော်လည်း ဦးလင်းဇော်ထွန်းသည် အမှုနှင့် မပတ်သက်ဟု ရဲချုပ်က ဆိုသည်။
လုပ်ကြံမှု စီစဉ်ရန်အတွက် အောင်ဝင်းခိုင်သည် ဇေယျာဖြိုးထံမှ သိန်းတစ်ထောင် ရခဲ့သည်၊ လုပ်ကြံသတ်ဖြတ်ပေးမည့်သူ ရွေးချယ်ရေးအတွက် သူ၏ အစ်ကို ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်ကို တာဝန်ပေးခဲ့သည်ဟု ဆိုသည်။
၂ဝ၁၇ ဇန်နဝါရီ ၂၈ တွင် အောင်ဝင်းခိုင်က အစ်ကိုဖြစ်သူကို ဖုန်းဆက်ပြီး ဦးကိုနီ ပြည်ပခရီးမှ ပြန်လာမည်ဖြစ်သောကြောင့် သေနတ်သမားကို လေဆိပ်သို့ ခေါ်ခဲ့ရန် မှာကြားသည်၊ နောက်တစ်နေ့တွင် ၎င်းတို့ သုံးဦးစလုံး ရန်ကုန်လေဆိပ်သို့ သွားရောက်ခဲ့ကြပြီး လုပ်ကြံမှု ပေါ်ပေါက်လာသည်ဟု ရဲက ဆိုသည်။
ထိုနှစ်ရက်အတွင်း ၎င်းတို့ညီအစ်ကို၏ အပြန်အလှန် ဖုန်းဆက်၊ စာတိုပေးပို့ဆက်သွယ်မှု မှတ်တမ်းတချို့၊ လေဆိပ်အတွင်း အောင်ဝင်းခိုင်၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတို့ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လုပ်ကြံမှု ပေါ်ပေါက်ပြီး နာရီအနည်းငယ်အကြာတွင် ဇေယျာဖြိုးက အောင်ဝင်းခိုင်ကို ဒေါပုံမြို့နေအိမ်တွင် သွားရောက်ခေါ်ယူခဲ့သည်၊ အောင်ဝင်းခိုင် ရန်ကုန်မှ တိမ်းရှောင်ရန် ၎င်းတို့၏ကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးရဲထွဋ်လှိုင်က ကားမောင်းပို့ပေးသည်၊ နောက်တစ်နေ့ ညနေ နေပြည်တော်ရှိ ကုမ္ပဏီရုံးခွဲသို့ ရောက်ရှိကြစဉ် အောင်ဝင်းခိုင်က စာရွက်စာတမ်းတချို့နှင့် ဖုန်း ၂ လုံးကို မီးရှို့ဖျက်ဆီးသည်ဟု ရဲက ဆိုသည်။
မကွေးသွားမည့် အောင်ဝင်းခိုင်သည် နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် ခြေရာပျောက်သွားကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ၈၇/၈၈ ဖြင့် ဝရမ်းထုတ်ခံထားရသော အောင်ဝင်းခိုင်ကို လူသတ်မှုဖြင့် အလိုရှိနေကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ကြေညာထားသည်။
လုပ်ကြံမှုအပြီး အောင်ဝင်းခိုင် တိမ်းရှောင်သွားစဉ် နေပြည်တော်သို့လိုက်ပို့ခဲ့သူ ဦးရဲထွဋ်လှိုင်၊ နေပြည်တော် အရောက်တွင် ၁ဝ သိန်း ချေးလိုက်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့ကို တရား မစွဲဆိုခြင်းကြောင့် အမှု၏ အဓိက ကွင်းဆက် ပြတ်တောက်နေကြောင်း ရှေ့နေ ဦးအောင်ခိုင်က ပြောသည်။
၁၅-၂-၂၀၁၉ ရက်နေ့ ဖြည့်စွက်ချက်
—————
၂ဝ၁၉ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ဦးကိုနီလုပ်ကြံခံရမှု အပြီးသတ် အမိန့်ချမှတ်ရာ တရားသူကြီးက အောင်ဝင်းခိုင်နှင့် ပတ်သက်ပြီး စီရင်ချက် ချခြင်း မရှိပေ။