
စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ယနေ့ (မတ် ၁၆) တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့်ပတ်သက် သည့် အချက်အလက်များကို စစ်တပ်ကို သတင်းပေးပို့နေသော ဒလန်တစ်ဦးကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးထားချိန် စစ်ကောင်စီ လက်နက်ကိုင်များ လာရောက်ပစ်ခတ်သဖြင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
“ဓာတ်ပုံရိုက်၊ ဖုန်းနဲ့ စစ်တပ်ကို လှမ်းခေါ် သတင်းပေးနေတာ။ သူဖုန်းပြောနေတာကို ဘေးက အမျိုးသမီး တွေက ကြားတာ။ အဲဒီအချိန်မှာ ဝိုင်းဖမ်းပြီးတော့ ကတုံးတုံးနေတဲ့အချိန်မှာ ရဲတပ်ဖွဲ့က ရောက်လာတယ်။ သူ့ကို လာခေါ်တဲ့အချိန် လူစုကိုပစ်တော့ တစ်ယောက်ကျသွားတယ်” ဟု ကောလင်းမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
ဒလန်ဟု စွပ်စွဲခံရသူမှာ ကောလင်းခရိုင်အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဦးချစ်ငွေဆိုသူဖြစ်ပြီး ကောလင်းမြို့ ထွန်းဖောင်ဒေးရှင်းဘဏ်အနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများအကြောင်း ဖုန်းဆက်ပြောနေစဉ် မြို့ခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဦးချစ်ငွေကို ကတုံးတုံးခြင်း၊ မျက်ခုံးမွေးရိပ်ခြင်းများပြုလုပ်နေစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင် ၅၀ ခန့်က ချက်ချင်းရောက်လာကာ သတိပေးပြောဆိုခြင်း မရှိဘဲ ပစ်ခတ်အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ထိုသို့ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် အသက် ၄၁ နှစ်အရွယ် ကိုကျော်မင်းထွန်းမှာ နံကြားသို့ သေနတ်ကျည် ဆန်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကောလင်းမြို့နယ် မင်းရွာသားဖြစ်သူ ဦးကျော်မင်းထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ကောလင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းကို လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီလက်နက်ကိုင်များသည် ထိုသို့ပစ်ခတ်ဖြိုခွင်းပြီးနောက် ဦးချစ်ငွေကို အကာအကွယ်ပေး ခေါ်ဆောင်သွားခဲ့သည့်အပြင် ဆန္ဒပြလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ထိုဖမ်းဆီးခံလူငယ်ကို ပြန်လွှတ်ပေးရန် ကောလင်းမြို့ရဲစခန်းအထိ ပြည်သူများက လိုက်လံတောင်းဆိုခဲ့ ရာတွင် အဆင်သင့်နေရာယူထားသော စစ်ကောင်စီလက်နက်ကိုင်များက ထပ်မံပစ်ခတ်ဖြိုခွင်းခဲ့ရာ အရပ်သားပြည်သူ ၂ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။