သတင်း

ကချင်စစ်ဘေးရှောင်များကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက ပိတ်ဆို့ထား 

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြစ်ကြီးနားရှိ စစ်ဘေးရှောင် စခန်းသို့ သွားရောက်ရန် ပြင်ဆင်နေသော ဒေသခံပြည်သူ ၂၀၀ နီးပါးကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ပိတ်ဆို့တားဆီးလျက်ရှိကြောင်း သိရသည်။

“အခု သူတို့မူလ ပလန (မြစ်ကြီးနားရှိ စစ်ဘေးရှောင်စခန်း) စခန်းကို စစ်တပ်က မပြန်ခိုင်းဘူးလို့ ပြော တယ်။ အခုရောက်နေတဲ့ နေရာမှာပဲနေပေါ့။ လိုအပ်တဲ့ ဆန်ဆီဆားတွေတော့ ကူညီမယ်ပြောတယ်” ဟု ဒုက္ခသည်များကို ကူညီနေသူ တစ်ဦးက ဆိုသည်။

ယမန်နေ့ (မတ် ၁၅) ညနေပိုင်းက အင်ဂျန်းယန်မြို့နယ် ဂွေထောင်ရွာ၊ တန်ဘောင်ယန်ရွာတို့ အနီးတဝိုက် တွင် စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာနှစ်ခုမှ ရွာသား ၂၀၀ နီးပါးသည် မြစ်ဆုံ ( တန်ဖရဲ) ရွာရှိ ကက်သလစ်ဘုရားကျောင်း၌ ခေတ္တခိုလှုံနေကြရသည်။ 

အဆိုပါရွာသားများသည် ၂၀၁၈ ခုနှစ်တုန်းက တိုက်ပွဲများကြောင့် မြစ်ကြီးနားရှိ ပလန စစ်ဘေးရှောင် စခန်းသို့ တိမ်းရှောင်ခဲ့ကြသူများဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ကပ်ရောဂါဖြစ်ပွားချိန်တွင် စစ်ရှောင်စခန်း၌ လူနေထူထပ်သောကြောင့် ကျေးရွာများသို့ ခေတ္တပြန်လည်အခြေချနေထိုင်သူများဖြစ်ကြောင်း သိရသည်။ 

စစ်ဘေးရှောင်များသည် လွန်ခဲ့သော နှစ်နှစ်ကျော်ကတည်းက ၎င်းတို့နေထိုင်ခဲ့သည့် မြစ်ကြီးနားပလန စစ်ရှောင်စခန်းသို့ သွားရောက်ရန် ကြိုးပမ်းရာတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက မြစ်ဆုံရွာအထွက်၌  ပိတ်ဆို့ထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရာနှင့်ချီသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူများတွင် ကျန်းမာရေးမကောင်းသူများနှင့် တစ်လသားပင်မပြည့်သေးသော ကလေးငယ်များ ပါဝင်ကြောင်းလည်း သိရသည်။ 

“အင်ဂျန်းယန်မြို့နယ် ဂွေထောင် အဲဒီမှာ စခန်းတစ်ခုကို မနေ့က (ည​နေ) ၅နာရီကနေ ၈နာရီအထိ တိုက်ပွဲဖြစ်တယ်ကြားတယ်။  KIA က ဝင်တိုက်တာပေါ့။ သူတို့လည်း သိရသလောက် သူတို့စခန်းတွေ အရင်တုန်းက ကျသွားတဲ့စခန်းတွေ လိုက်တိုက်သိမ်းတဲ့ ပုံစံမျိုးအသွင်တော့ ဆောင်တာပေါ့”ဟု ဒေသခံတစ်ဦးကလည်း ပြောကြားသည်။ 

စစ်တပ်နှင့် KIA ကြား ယခုလဆန်းပိုင်းမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး ပြီးခဲ့သော ရက်ပိုင်းအတွင်း ဖားကန့်၊ မိုးကောင်းမြို့များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာမှာ အင်ဂျန်းယန်မြို့နယ်အထိပါ ကူးစက်လာခြင်းဖြသည်။ 

Show More

Related Articles

Back to top button