သတင်း

လှိုင်သာယာတွင် ပလတ်စတစ်ကောက်သူကို စစ်ကောင်စီလက်နက်ကိုင်များက အနီးကပ်ပစ်သတ် 

လှိုင်သာယာမြို့နယ် အောင်ဇေယျတံတား (၁) ထိပ်တွင် ယနေ့ (မတ် ၁၅) မွန်းလွဲပိုင်းက ပလတ်စတစ် ကောက်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်များက အနီးကပ်ပစ်သတ်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူ လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။

“ကော်ကောက်တဲ့ အဘိုးကြီးကို နားထင်မှာ တေ့ပစ်သွားတယ်။ တစ်ခါတည်းအသက်ပါပါသွားတယ်” ဟု အဆိုပါမြို့ခံက ပြောသည်။

မွန်းလွဲ ၃ နာရီခန့်တွင် အင်းစိန်ပေါက်တောဝဘက်မှ အောင်ဇေယျတံတားအတိုင်း စစ်ကားအစီး ၄၀ ကျော် တက်လာချိန်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းကို လူစုခွဲခဲ့သည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွင် ပါဝင်ခဲ့သူ အဆိုပါမြို့ခံက ပြောသည်။ 

လှိုင်သာယာမြို့နယ် အမှတ် (၃) ရပ်ကွက် တစ်ပင်ရွှေထီးလမ်းမကြီးဘေးတွင်လည်း စစ်ကောင်စီလက်နက်ကိုင် များက လမ်းပေါ်နေ၍ ပစ်ခတ်သွားသဖြင့် အိမ်ထဲတွင် ထိုင်နေသူ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟုလည်း အထက်ပါမြို့ခံက ပြောသည်။

အဆိုပါ အမျိုးသမီးနှစ်ယောက်၏ ရုပ်အလောင်းကို ဆေးရုံသို့ အရေးပေါ်ကားဖြင့် ပို့ဆောင်လိုက်ပြီး စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည် ဟု ၎င်းက ပြောသည်။ 

လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့အလို မရှိသည့် ထောင်နှင့်ချီသော ဒေသခံပြည်သူများက ယနေ့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းဖုန်းအင်တာနက်များ ပြတ်တောက်နေပြီး လှိုင်သာယာမြို့နယ် အင်အာနက်အခက်အခဲကြောင့် ပြည်သူအများစု သတင်းအချက်အလက်ပို့ရန် အခက်အခဲရှိနေသည်ဟု သိရသည်။ 

လှိုင်သာယာမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီလက်နက်ကိုင်များနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ပြည်သူများ အပြင်းအထန် ထိပ်တိုက်တွေ့ခဲ့ပြီး စစ်ကောင်စီက စစ်တပ်နှင့် ရဲအင်အားဖြည့်တင်းကာ ညပိုင်းအထိ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ထိုသို့အပြင်းအထန် ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူအမြောက်အမြားသေဆုံးခဲ့ရသည့်အပြင် ဒဏ်ရာရသူအရေ အတွက်လည်း များပြားခဲ့သည်။ ယနေ့နံနက်ပိုင်း ဆက်သွယ်မေးမြန်းချက်အရ လှိုင်သာယာပြည်သူ့ဆေးရုံတွင် ရုပ်အလောင်း ၃၄ လောင်းနှင့် ဒဏ်ရာရသူ ၄၀ ရှိသည်ဟု သိရသည်။ 

လှိုင်သာယာမြို့နယ်တွင် ယမန်နေ့က စက်ရုံသုံးခု ထက်မနည်းလည်း မီးလောင်ခဲ့ရာ အဆိုစက်ရုံများအနက် တရုတ်နိုင်ငံသားစက်ရုံနှစ်ခု ပါဝင်ကြောင်း တရုတ် နိုင်ငံပိုင်သတင်းဌာနများက ရေးသားပြီးနောက် မီးရှို့ဖျက်ဆီး သူများကို အပြစ်ပေးအရေးယူရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်သံရုံးကြေညာချက် ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပါ စစ်ကောင်စီကလည်း လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ 

 

Show More

Related Articles

Back to top button