
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ ပြည်ပခရီးမှအပြန် ရန်ကုန်လေဆိပ်တွင် ရှိနေစဉ် လူအများရှေ့တွင် အနီးကပ် လုပ်ကြံသော သေနတ်သမားမှာ ကြည်လင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ဇာတိ၊ ၄၅ နှစ်အရွယ် ကြည်လင်းသည် ဘုရားခိုးမှုဖြင့် ထောင်နှစ်ကြိမ်ကျခဲ့ဖူးသည်။
ဘုရားခိုးမှု အတူတကွ ကျူးလွန်ဖူးသူ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်က ကြည်လင်းကို ဤလုပ်ကြံမှု ကျူးလွန်ရန် ငါးလ ကြိုတင် စည်းရုံး ခိုင်းစေခြင်း၊ လက်နက်ဝယ်ပေးခြင်းများ ပြုလုပ်ပြီး လုပ်ကြံမည့် ၂ဝ၁၇ ဇန်နဝါရီ ၂၉ တွင် လေဆိပ်သို့ အတူရောက်သွားကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ကြည်လင်းက ထိုသို့ လုပ်ကြံ သတ်ဖြတ်ရခြင်းမှာ မြင့်ဆွေဆိုသူက သူနှင့် သူ့မိသားစုကို အန္တရာယ်ပေးမည်ဟု ခြိမ်းခြောက်ခံရသောကြောင့်ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုထားသည်။
လုပ်ကြံမှုကာလအတွင်း ကြည်လင်းတည်းခိုခဲ့ဖူးသည် ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်မြေဗိမာန်ကျောင်းမှ ၎င်း၏ စာရွက်စာတမ်းများ၊ ထိုင်းနယ်စပ်ဖြတ် ကတ်ပြား ၂ ခုတို့ကို တွေ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
လုပ်ကြံသတ်ဖြတ်မှုကို အပတ်စဉ် ရုံးထုတ်စစ်ဆေးနေစဉ်အတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရသဖြင့် ကြည်လင်းကို ၂ဝ၁၈ မတ်လအထိ ထောင်ဝတ်စုံ၊ ခြေချင်းတို့ဖြင့် တွေ့ခဲ့ရသည်။
ကြည်လင်းသည် လုပ်ကြံမှုကျူးလွန်အပြီး ထွက်ပြေးစဉ် ဟန့်တားသူတို့ကိုပစ်ခတ်ရာ တက္ကစီဒရိုင်ဘာ ဦးနေဝင်း ကျည်ထိမှန်ပြီး သေဆုံးသွားသည်။
စွဲချက်များ၊ ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ်များ
ဦးကိုနီ လုပ်ကြံမှု – ပုဒ်မ ၃ဝ၂(၁)(ခ)/၃၄၊ သေဒဏ်
အငှားယာဉ်မောင်း ဦးနေဝင်း လုပ်ကြံမှု – ပုဒ်မ ၃ဝ၂ (၂)၊ သေဒဏ်
လက်နက်များအက်ဥပဒေ ပုဒ်မ – ပုဒ်မ ၁၉ (ဃ) (စ)၊ ထောင်ဒဏ် ၃ နှစ်
၁၅-၂-၂၀၁၉ ရက်နေ့ ဖြည့်စွက်ချက်
—————
၂ဝ၁၉ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ် စီရင်ချက် ချမှတ်ရာ ကြည်လင်းသည် လေဆိပ်လုပ်ကြံမှုအတွက် မသေမချင်း လည်ပင်း ကြိုးကွင်းစွပ် သေဒဏ်၊ အငှားယာဉ်မောင်းကို သတ်ဖြတ်မှုအတွက် ထောင်ဒဏ် နှစ် ၂ဝ၊ လက်နက်မှုအတွက် ထောင်ဒဏ် ၃ နှစ် စသဖြင့် အမိန့် ချမှတ်ခံရသည်။