သတင်း

နိုင်ငံတကာက ချက်ချင်းကြားဝင်စွက်ဖက်ရန် အထူးအကြံ​ပေး​ကောင်စီတိုက်တွန်း

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏အကြမ်းဖက်မှုများရပ်တန့်စေရေး နိုင်ငံတကာအနေဖြင့် ချက်ချင်းကြား ဝင်စွက်ဖက်ရန် ကုလကျွမ်းကျင်သူများပါဝင်သော အထူးအကြံပေးကောင်စီ (SAC-M) က ယနေ့ (မတ် ၁၄) တောင်းဆိုလိုက်သည်။

အရပ်သားပြည်သူများ၏ အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို မြန်မာစစ်တပ်က ပြင်းထန်စွာ အကြမ်းဖက်နှိမ်နင်းနေသည့်အပေါ် သတိပေးကြောင်းနှင့် ထိုသို့ဖြိုခွင်းမှုက ဆိုးရွားသည့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့်အတူ အသက်အန္တရာယ်ဖြစ်ပေါ်နိုင်သည့်အတွက် အလွန်အမင် စိုးရိမ်ကြောင်းလည်း  အထူးအကြံပေးကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာပြည်သူလူထုသည် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ အကြမ်းမဖက်သော ရုံးမတက် လှုပ်ရှားမှု( CDM) များသာမက အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍဆန္ဒပြခြင်းများဖြင့် အာဏာသိမ်း တပ်မတော်ကို ကြံ့ကြံ့ခံဆန့်ကျင်ခဲ့ကြကြောင်း  SAC-M က ဆိုသည်။

သို့သော် မြန်မာစစ်တပ်သည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သောတိုက်ပွဲဝင် တပ်မများကို မြို့ကြီးများ၌ နေရာချကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို တုံ့ပြန်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ လက်စဖျောက်ခြင်းများကို လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။ 

“နိုင်ငံရေးအရ ချက်ချင်းကြားဝင်စွက်ဖက်မှု မရှိဘူးဆိုရင် ဆိုးရွားတဲ့နောက်ဆက်တွဲတွေနဲ့အတူ ကြီးမား တဲ့ဖြိုခွင်းမှုတွေဟာ မကြာခင်ရက်ပိုင်းအတွင်း မလွဲမသွေဖြစ်မှာပါ” ဟု SAC-M က သုံးသပ်သည်။

ထို့အပြင် SAC-M သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်ကို နိုင်ငံအတွင်းအမြန်ဆုံးဝင်ရောက်ခွင့်ပေးရန်၊ အာဆီယံနိုင်ငံများနှင့် အထူးကိုယ်စား လှယ်ကို ပူးတွဲဝင်ရောက်ခွင့်ပေးရန်တို့ကို တောင်းဆိုခဲ့သည်။

အဆိုပါ အထူးကိုယ်စားလှယ်နှင့် အာဆီယံသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ခန့်အပ်သော ဒုတိယသမ္မတ မန်းဝင်းခိုင်သန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးအဖွဲ့၊ ရုံးမတက်ရေးလှုပ်ရှားမှု(CDM)နှင့် အထွေထွေသပိတ်ကော်မတီ၊ တိုင်းရင်းသားနိုင်ငံ ရေးပါတီများ၊ အဖွဲ့အစည်းများ၊ ကုန်သည်ကြီးများအသင်း၊ ကျောင်းသားသမဂ္ဂများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် တပ်မတော်တို့ကို တွေ့ဆုံသင့်ကြောင်း SAC-M က တိုက်တွန်းထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာပြည်သူများကို စစ်တပ်၏ရ က်စက်ယုတ်မာမှုများမှ ကာကွယ်ပေးရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့ကြောင်းနှင့်  ထိုပျက်ကွက်မှုသံသရာကို အဆုံးသတ်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း SAC-M က ထုတ်ပြန်သည်။

အထူးအကြံပေးကောင်စီ(SAC-M)တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟောင်း မစ္စစ်ရန်ဟီးလီ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင်ဥက္ကဋ္ဌဟောင်း မာဇူကီဒါရူးစမန်နှင့် အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ဝင်ဟောင်း ခရစ်စီဒိုတီတို့ပါဝင်ပြီး မြန်မာစစ်တပ်၏အာဏာသိမ်းမှုတစ်လပြည့်သည့် မတ်လ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်များက ​သေနတ်ဖြင့်သတ်ဖြတ်မှုများ​ကြောင့် နိုင်ငံတစ်ဝန်း ပြည်သူ ၁၀၀ ​ကျော်​သေဆုံးခဲ့ပြီဖြစ်သည်။ ယနေ့တစ်ရက်တည်း၌ပင် ရန်ကုန်မြို့တွင် သေဆုံးသူ ၁၀ ကျော်ရှိခဲ့ပြီး လူ​သေဆုံးမှုအများဆုံး​နေ့ဖြစ်လာသည်
 

Show More

Related Articles

Back to top button