သတင်း

လှိုင်သာယာ၌ အပြင်းအထန်ထိပ်တိုက်တွေ့နေ၊ သေဆုံးသူ ၁၄ ဦးထက်မနည်းရှိ

လှိုင်သာယာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံများ အပြင်းအထန် ထိပ်တိုက်တွေ့ နေပြီး ယနေ့ည ၈ နာရီခွဲ အချိန်အထိ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ သေဆုံးသူ ၁၄ ဦးထက်မနည်းရှိပြီဖြစ်ကာ စက်ရုံသုံးခုထက်မနည်း မီးလောင်နေသည်ဟု ကယ်ဆယ်ရေး လုပ်ဆောင်ပေး နေသည့် အသင်းအဖွဲ့ များနှင့် ဆရာဝန်များထံမှ သိရသည်။

ယနေ့ (မတ် ၁၄) မွန်းလွဲ ၁ နာရီမှစ၍ စစ်ကောင်စီလက်နက်ကိုင်များက သပိတ်စခန်းများကို နှစ်ဖက် ညှပ်ပိတ်ဆို့ပြီး ဖြိုခွင်းနေခြင်းဖြစ်ကာ လက်ရှိအချိန် အပြင်းအထန်ထိပ်တိုက်တွေ့နေဆဲဖြစ်သည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ဆေးရုံတစ်ရုံတွင် အလောင်း ၁၀ လောင်းရှိနေပြီး ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိကြောင်း အဆိုပါဆေးရုံသို့ ရောက်ရှိနေသူတစ်ဦးက Myanmar Now ကို ယနေ့ည ၇ နာရီခွဲအချိန်ခန့်တွင် ပြောသည်။

ကယ်ဆယ်ရေးအသင်းများ သယ်ဆောင်လာသော ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆရာဝန် တစ်ဦးက ၎င်းတာဝန်ယူကုသပေးနေချိန်အတွင်း သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း ပြောသည်။

အဆိုပါ သေဆုံးသူ ၄ ဦးအနက် ၃ ဦး၏ ရုပ်အလောင်းကို မြောက်ဥက္ကလာပမြို့နယ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု CDM တွင်ပြုလုပ်ပြီး လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ လည်းဖြစ်သည့် အဆိုပါ ဆရာဝန်က ပြောသည်။

“ကျွန်တော့်ဆီကို တန်းရောက်လာတာ။ ကျွန်တော်က တစ်နေရမှာ ထိုင်ကုနေတာ။ များတော့များတယ်။ ဒဏ်ရာရတဲ့သူတွေက ထုတ်ချင်တိုင်း ထုတ်မရဘူး။ ဒဏ်ရာရတာက ၈ ဦးလောက်ရှိတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

ကျန်သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းကိုမူ သက်ဆိုင်ရာနေအိမ်သို့ ပို့ဆောင်ပေးလိုက်သည်ဟု ၎င်းက ပြောသည်။

ဆေးရုံသို့ ပို့ဆောင်ခြင်းမရှိဘဲ နေအိမ်သို့သယ်ဆောင်ခဲ့သူ အလောင်းမှာ အသက် ၄၀ အရွယ် ဦးသူရိန် လင်းဖြစ်ပြီး ပါးစပ်ကို ကျည်ထိမှန်ပြီး ဦးခေါင်းနောက်စေ့ပွင့် ကျည်ဆန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဆေးရုံ မပို့တော့ဘူး။ အလောင်းဖျောက်မှာစိုးလို့၊ အိမ်ကိုပဲပို့ပေးလိုက်ပါတယ်” ဟု လူမှုရေးအသင်းတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် လှိုင်သာယာဆေးရုံ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် သေဆုံးသူများနှင့် ဒဏ်ရာ ရရှိသူများ ဆက်တိုက်ရောက်လာနေဆဲဖြစ်ကာ စာရင်းအချက်အလက်များ ရေးသွင်းနေဆဲဖြစ်သဖြင့် အတိအကျ မပြောနိုင်သေးကြောင်း ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် အောင်ဇေယျတံတားနှင့် မီးခွက်ဈေးအနီး ၅ ထိပ်မှစ၍ နှစ်ဖက် ညှပ်ပိတ်ကာဖြိုခွင်းနေခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်း ၇ နာရီအထိ အပြင်းအထန်ပစ်ခတ်နေဆဲဖြစ်သည်ဟု အဆိုပါနေရာ၌ရှိနေသူများက အတည်ပြု သည်။

လှိုင်သာယာမြို့နယ် မီးခွက်ဈေးရှိရာ ၅ ထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ကတည်းက ကြိုတင်နေ ရာယူတပ်စွဲနေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း စစ်ကူ အင်အားတိုးမြှင့်နေသည်ကို တွေ့မြင်နေရကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါနေရာနှင့်နီးသည့် ရပ်ကွက်အတွင်း သပိတ်ကိုပါ ဝင်ရောက်စီးနင်းရန် စစ်ကောင်စီတပ်ဖွဲ့က အပြင်းအထန်ကြိုးပမ်းနေပြီး အချိန်ကြာမြင့်လာသည်နှင့်အမျှ ထိခိုက်သေဆုံးမှု မြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“လုံခြုံရေးအခြေအနေက စိုးရိမ်ရတဲ့အနေအထားရှိတယ်။ နေ့ခင်းပိုင်းမှာတောင် လာပစ်နေတာ ဆိုတော့ ညပိုင်းမှာ ဝင်စီးမယ်ထင်တယ်” ဟု အောင်ဇေယျတံတားအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပိတ်မိနေသည့် လှိုင်သာယာကို ကူညီရန် အင်းစိန်မြို့နယ်မှ လူထုက လာရောက်ဝန်းရံနေပြီး အောင်ဇေယျတံတားပေါ်တွင် အင်အားအများအပြားဖြင့် နေရာယူထားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က အဆိုပါလူအုပ်ကိုပါ ပစ်ခတ်နေသည်ကို မျက်မြင်တွေ့ရ ကြောင်း ဒေသခံအချို့က အတည်ပြု သည်။

လှိုင်သာယာသပိတ် ဖြိုခွင်းခံနေရချိန်အတွင်း စစ်တပ်ပိုင်ကားတစ်စီး မီးရှို့ခံရကြောင်း၊ ပြည်သူတို့၏ ခုခံမှုကြောင့် ရဲနှင့် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း သတင်းများထွက် ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အတူ ပဋိပက္ခဖြစ်စဉ်များအတွင်း လှိုင်သာယာစက်မှုဇုန်အတွင်းရှိ အနည်းဆုံး စက်ရုံ ၃ ရုံခန့် မီးစွဲ လောင်နေသည်ဟု ဒေသခံများက ပြောသော်လည်း အသေးစိတ်အခြေအနေများကိုမူ မသိရှိရသေးပေ။

တရုတ်နိုင်ငံပိုင် CGTN သတင်းဌာန၏ ယနေ့ညနေပိုင်း သတင်းအရ မီးလောင်နေသူစက်ရုံများအနက် ၂ ခုမှာ တရုတ်နိုင်ငံသားပိုင် စက်ရုံများဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ မတ် ၁၃ ရက်အထိ စစ်တပ်နှင့်ရဲလက်ချက်ဖြင့် နိုင်ငံ အနှံ့သေဆုံးသူ ၈၀ ထက်မနည်းရှိပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း (AAPP)က ခန့်မှန်းထားသည်။

အဆိုပါအခြေအနေတွင် အကြမ်းဖက်မှုကျူးလွန်ခံရပါက ပြည်သူများက ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း ၂၀၂၀​ရွေး​ကောက်ပွဲအနိုင်ရ အမတ်များဖြင့်ဖွဲ့စည်းထား​သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း ယနေ့ ထုတ်ပြန်​ကြေညာထားသည်။
 

Show More

Related Articles

Back to top button