
ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ပြီး ရက်ပေါင်း ၂၀ အကြာတွင် ဗန်းမော်မြို့နှင့်ရွှေကူမြို့နယ်ကြား စင်းခန်းရွာကို ကျွန်တော် ရောက်ရှိသွားခဲ့သည်။
ဧရာဝတီမြစ်ကမ်းဘေးမှထိုရွာသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့နှင့် မိုင် ၄၀ နီးပါး ဝေးကွာသော်လည်း မြစ်ကြောင်းအတိုင်းဆိုလျှင် မိုင်၂၀ ကျော်ခန့်သာ ဝေးသည်။
မြန်မာ-တရုတ်နယ်စပ်အနီး တည်ရှိသောဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ ထိုးစစ်ဆင်နေကြခြင်း ဖြစ်သည်။
ကချင်ပြည်နယ်၊ လိုင်ဇာဘက်ကနေဆင်းလာမည့် အသိတစ်ယောက်ကို စင်းခန်းရွာ၌ သွားကြိုစောင့်နေရန် သူငယ်ချင်းအဖော်တစ်ယောက်နှင့်အတူ ဗန်းမောက်မြို့မှ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ကြသည်။
တိုက်ပွဲပြင်းထန်နေသည့် အင်းတော်မြို့ကို ကွင်းပြီး လာခဲ့ကြသည်။ အင်းတော်တွင် စစ်ကောင်စီတပ် က မီးရှို့နေသဖြင့် မြို့တွင်း မီးခိုးများ အူတက်နေသည်။
အင်းတော်မှတဆင့် နဘားလမ်းဆုံ၊ ထိုမှ ကသာဘက်ကို ဆက်ထွက်ခဲ့ကြပြီး စစ်တပ်ဂိတ် ရှိသည့် ကသာမြို့အဝင်မရောက်ခင် ကသာ-ဗန်းမော်လမ်းမကြီးဘက်သို့ ဖြတ်ထွက်သည့် သစ်ခိုးထုတ်ရာ လမ်းကို သုံးခဲ့ရသည်။ ထိုနည်းဖြင့် စစ်တပ်ဂိတ်ကို ရှောင်ကွင်းရသည်။
မိနစ်၂၀ ခန့် တောလမ်းဖြတ်အပြီး ကသာမြို့ဘက်ကနေ ဗန်းမော်ကို သွားသည့် လမ်းမကြီးပေါ် ရောက်သွားခဲ့သည်။
ကသာမြို့နယ်အတွင်းတွင် ဧရာဝတီမြစ်ကမ်းဘေးရှိ ပေါမမြိုင်၊ အောက်ဝဲကြီး၊ မဲဟင်း၊ သံပုရာကုန်း၊ ဆူးပုပ်ကုန်း၊ မိုးတားကြီး စသည့် တော်လှန်ရေးစိုးမိုးနယ်မြေများကို ဖြတ်သွားခဲ့ရသည်။ တော်လှန်ရေးစိုးမိုးနယ်မြေဆိုသည့်အလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂိတ်များကိုလည်း ဖြတ်ရသည်။
စစ်ကိုင်းတိုင်းထဲတွင် လမ်းကောင်းသလိုရှိသော်လည်း ကချင်ပြည်နယ် စဝင်ပြီဆိုကတည်းက လမ်းမကောင်းသည်ကို စကြုံရသည်။
ဗန်းမောက်မှလာပြီး ဗန်းမော်ကနေတဆင့် တရုတ်ပြည်ဘက် သွားသည့် သစ်တင်ကားကြီးများ ဖြတ်သန်းကြသောကြောင့် မြေသားလမ်းမှာ အတော်လေး ပျက်စီးနေပြီဖြစ်သည်။
ကချင်ပြည်နယ်ထဲ KIA စစ်ဆေးရေးဂိတ်၊ အခွန်ကောက်ဂိတ်များကိုလည်း ဖြတ်သန်းခဲ့သည်။
စင်းခန်းကို လာသည့် လမ်းခရီးတစ်လျှောက် တွေ့ရသော ကားကြီးကားငယ်များထဲတွင် တိမ်းရှောင် လာကြသော လူမျိုးပေါင်းစုံ ၊ ကလေး၊ လူကြီး၊ လူလတ်ပိုင်း အရွယ်စုံ လိုက်ပါလာကြသည်။ ဆိုင်ကယ်ပေါ် အထုပ်အပိုး အပြည့်တင်လာကြသော စစ်ရှောင်အများအပြားကိုလည်း တွေ့မြင်ရသည်။
၁၂ ဘီးကားကြီးတချို့လည်း ပျက်၍ နားနေကြသည်။ ကားပြင်သူက ပြင်၊ ချက်ပြုတ်ရန် ပြင်ဆင်သူ က ပြင်ဆင်ဖြင့် အလုပ်ရှုပ်နေကြပြီး အပြင်အဆင်နှင့် လေယူလေသိမ်းကို ကြည့်ခြင်းဖြင့် အများစုက အညာဒေသမှဟု ယူဆရသည်။
မွန်းလွဲ ၂ နာရီခန့် စင်းခန်းကျေးရွာသို့ ရောက်သောအခါ ကျွန်တော်တို့က စင်းခန်းအနီး ကျေးရွာတစ်ရွာတွင် စတည်းချသည်၊ လိုင်ဇာမှ လာမည့်သူကို ဆက်စောင့်ရမည်ဖြစ်သောကြောင့် စင်းခန်းရွာထဲသို့ လှည့်ပတ်သွားကြည့်ခဲ့သည်။

စစ်ရှောင်များပြည့်နှက်နေသည့်ရွာကလေး
စင်းခန်းရွာထဲ လူစည်ကားသည့် နေရာများမှာ စစ်ဘေးရှောင်စာရင်းပေးသွင်းဌာန၊ စစ်ဘေးရှောင်များ အတွက် အလှူခံဌာနတို့ ဖြစ်ကြပြီး အလှူငွေပုံးလည်း တင်ထားသည်ကို တွေ့ရသည်။
ပရဟိတအဖွဲ့ တချို့ကလည်း စစ်ဘေးရှောင်များအတွက်ဆိုပြီး အလှူခံဖလားဖြင့် လှည့်လည် သွားလာ နေတတ််သည်။
စစ်ရှောင်တချို့ကလည်း ရောက်သည့်နေရာသစ်တွင် ဆိုင်ခန်းလေးဖွင့်ပြီး ဈေးရောင်းနေကြသည်။ စင်းခန်းဈေးထဲတွင် “ စစ်ဘေးရှောင်ဆံပင်ညှပ်ဆိုင်” ဆိုသည့် ဆိုင်းဘုတ် ချိတ်ထားသည့် ဆိုင်လည်း ရှိနေသည်။
တချို့မှာမူ ကားလမ်းဘေးတွင် ခုံလေးချ၍ အိမ်မှပါလာသည့် အသုံးအဆောင်ပစ္စည်းများကို ခင်းရောင်းသည့်နည်းဖြင့် စားဝတ်နေရေး ဖြေရှင်းနေကြသည်။ ဒယ်နီအိုး၊ ထမင်းချိုင့်၊ ဓာတ်ဗူး၊ ဒန်အိုး၊ ဒန်ခွက်၊ ကျောပိုးအိတ်အပြင် လိမ္မော်သီး၊ ဓာတ်ဆီဗူးလေးများကိုပါ ခင်းရောင်းနေကြသည်။
စင်းခန်းရွာထဲ လှည့်ပတ်ကြည့်ရှုပြီး တည်းခိုသည့် ရွာလေးဆီ ပြန်ခဲ့ကြသည်။
ကျွန်တော်တို့ တည်းခိုနေသည့်ရွာမှာပင် စစ်ဘေးရှောင် ၅၀ ကျော်ခန့် ရောက်ရှိနေသည်။ အဆိုပါရွာကို ကျွန်တော်တို့ စရောက်သည့်နေ့ (ဒီဇင်ဘာ ၂၃) မှာပင် သူတို့ထဲမှတစ်ဦး ကလေးမွေးသည်နှင့် ကြုံရသည်။
ဗန်းမော်မှလာသော ထိုအမျိုးသမီးမှာ မီးဖွားခါနီးမှ ပြေးရလွှားရသူဖြစ်သည်။
“၉ ရက်နေ့က စရှောင်တာပေါ့။ ရှောင်စကတော့ ဟိုနေရာရှောင်လိုက် အဆင်မပြေလိုက် ပြောင်းလိုက်။ ဒီနေရာနေလိုက် အဆင်မပြေလိုက် ပြောင်းလိုက်နဲ့ နောက်ဆုံးတော့ ဒီစင်းခန်းဘက်ကိုပဲ ရောက်ခဲ့တာ” ဟု ထိုအမျိုးသမီးက ဆိုသည်။

သူ၏ သားယောကျာ်းလေးကို ရွာထဲက အမျိုးသမီး ၅ယောက်က ကူညီမွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွေးဖွားရာတွင် ပါဝင်ကူညီခဲ့သော စင်းခန်းရွာမှအမျိုးသမီးတစ်ဦးကလည်း အရပ်ကူ၊ လူဝိုင်းခဲ့ရသည် ဟု ဆိုသည်။
“မနက် ၅ နာရီထိုးကြီးကွယ်။ ကိုယ်ဝန်နဲ့စစ်ရှောင်ပါလာတာလည်း တို့က မသိဘူးလေ။ ကူပါဦး၊ ကယ် ပါဦးဆိုလို့ မမွေးတတ်၊ မွေးတတ်နဲ့ ငါတို့လည်း မွေးပေးတာပါ့။ အရေးထဲ အချင်းကလည်း မဖြတ်တတ်လို့ ဒုက္ခရောက်ရသေးတယ်။ တော်သေးတယ် အဆင်လေးပြေသွားလိုက်လို့” ဟု ဒေသခံအမျိုးသမီးက ပြောသည်။
မီးဖွားခဲ့သည့် အမျိုးသမီးက ရွှေဘိုခရိုင်၊ တန့်ဆည်ဇာတိဖြစ်ပြီး ဗန်းမော်ဘက်တွင် အိမ်ထောင် ကျရင်း နေထိုင်ခဲ့သူဖြစ်ကြောင်းလည်း ထပ်သိရသည်။
ပျံပျံ …ကြဲကြဲ လေယာဉ်များ
ကျွန်တော်တို့ စင်းခန်းရွာ ရောက်နေသည့်အချိန် ဗန်းမော်ဘက်မှ လက်နက်ကြီးသံ တအုံးအုံး နေ့တိုင်း ကြားခဲ့ရသည်။ လေယာဉ်များဆိုလည်း တစ်နေ့လျှင် ၄၊ ၅ခေါက်ခန့် ကူးလူးပျံသန်းကာ ဗုံးကြဲနေ သည်။
စင်းခန်း ရောက်ရောက်ချင်းနေ့ ည ၁၁ နာရီခန့်တွင် ရွာအနောက်ဘက် ကျွန်းတောထဲကို ဗုံးတစ်လုံး ချသွားခဲ့သေးသည်။
“လေယာဉ်က အမြဲလာနေတာပဲ။ လေယာဉ်ပျံပြီး ၅ မိနစ်လောက်ဆို ဗုံးသံက ကြားလိုက်ရပြီ။ ငါတို့ဆီက အကုန်မြင်နေ၊ကြားနေရတာကို”ဟု စင်းခန်းရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
နောက်တစ်နေ့ (ဒီဇင်ဘာ၂၄) တွင် ဧရာဝတီမြစ်ဖြတ်ကူးကာ စင်းခန်းရွာမျက်စောင်းထိုးခန့်တွင် ရှိသည့် ကပ်လျက်ဖြစ်သော နတ်ခုတ်နှင့် ဘူးတောင်းရွာများဘက် သွားကြည့်ခဲ့သည်။ အဆိုပါနေရာမှ ၁၃ မိုင်ခန့်အကွာတွင် မြစ်ကမ်းဘေးတွင် တည်ရှိသော ဗန်းမော်မြို့ကို လှမ်းမြင်နေရပြီး မြို့ ပေါ်တွင် မီးခိုးများ အူတက်နေသည်။

ဗန်းမော်မြို့ဘက်မှာ မီးလောင်နေပြန်ပြီလို့လည်း ဒေသခံများက ပြောဆိုနေကြသည်။
နတ်ခုတ်ရွာတဘက်ကမ်း ဧရာဝတီမြစ်ဘေးမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ တတိယပတ်ခန့်က တော်လှန်ရေးအဖွဲ့များ ဖြစ်သည့် KIA, KPDF, ABSDF တို့ ပစ်ခတ်ဖျက်ဆီးထားသော ရိက္ခာပို့ စစ်သင်္ဘောပျက်ကိုလည်း တွေ့နိုင်သည်။
ထိုစဉ်က ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘော ၅ စီးရှိသည်၊ သင်္ဘောတချို့ လက်နက်ကြီးထိမှန်ကာ ပြန်ဆုတ်သွားသည်။ ပူးပေါင်းတပ် တပ်ဖွဲ့ဝင်များ စစ်သင်္ဘောများပေါ် ရောက်နေကြပုံ မှတ်တမ်းရုပ်သံဖိုင်များ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့ ခဲ့သေးသည်။
နတ်ခုတ်ရွာ၊ ဘူးတောင်းရွာတို့သည် ဧရာဝတီမြစ်အလယ်မှာ သင်္ဘောကြီးများ ရပ်နားကာ ရွှေတူးဖော်ရာတွင် နာမည်ကြီးသည့် နေရာဖြစ်ပြီး ရွှေမျော ၂၀၀ ကျော် ရှိမည်ဟု ခန့်မှန်းရသည်။

ယင်းနေ့ ညနေခန့်မှာပဲ လိုင်ဇာမှပြန်လာသူ ရောက်ရှိလာသောကြောင့် ကျွန်တော်တို့ တည်းခိုခဲ့သည့် စင်းခန်းအနီး ရွာတွင် တစ်ညထပ်အိပ်ပြီး နောက်တစ်နေ့ နံနက်အစောပိုင်းခန့်တွင် ဗန်းမောက်ကို ပြန်ခဲ့ လိုက်တော့သည်။
ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များ နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။
ဗန်းမော်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ အခြေစိုက်သည်။ ၎င်း၏ လက်အောက်ခံ ခြေလျင်တပ်ရင်းများ ဖြစ်သော ခလရ၂၃၆ ၊ ခလရ ၄၇၊ အမြောက်တပ်များဖြစ်သည့် အမတ ၃၆၆၊ အမတ ၃၀၄ နှင့် အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်သည့်တပ်မြို့ဖြစ်သည်။
ဗုံးကြဲမှုကြောင့် ဗန်းမော်မြို့ပေါ်မှ နေအိမ် အများအပြား မီးလောင်ပျက်စီးနေပြီး လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုများကြောင့် ဒေသခံ အများအပြားသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိနေသည်။
ဗန်းမော် တကျော့ပြန် ထိုးစစ်မစခင် မြို့တွင်းရှိ အိမ်စောင့်ကျန်ရစ်နေသည့် လက်ကျန်မြို့ခံများကို KIA က ဇန်နဝါရီ ၂၂ ရက်နေ့မှ စတင်ကာ ထွက်ခွာခိုင်းသည့်အတွက် မြို့တွင်း၌ ဒေသခံများ မရှိသလောက် နည်းပါးနေပြီဖြစ်သည်။
KIA က အမြောက်တပ် ၂ ခုနှင့် လေယာဉ်ကွင်းကို သိမ်းပိုက်ထားနိုင်ပြီး စကခ-၂၁ ကိုလည်း တိုက်ခိုက် နေကာ မြို့တွင်းနေရာတချို့ကို ထိန်းချုပ်ထားသည်။
စစ်တပ်စခန်း အများအပြား ဗန်းမော်တွင် အခြေချနေခြင်းကြောင့် အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ရန် ကြန့်ကြာနေခြင်းဖြစ်မည်ဟု ယူဆရသည်။
