
ပဲခူးမြို့တွင် ယနေ့ (မတ် ၁၄) နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ရဲနှင့် စစ်တပ်က လမ်းနှစ်ဖက်ကိုပိတ်၍ ပစ်ခတ်ဖြိုခွင်းခဲ့ရာ ရင်ဘတ်ထုတ်ချင်းပေါက်ဒဏ်ရာဖြင့် တစ်ဦးသေဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
“ဖမ်းခံရတဲ့လူက သုံးယောက်လို့တော့ လောလောဆယ်သိထားတယ်။ ဒဏ်ရာရတဲ့သူက ၈ ယောက် ကျော်သွားပြီ” ဟု ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် တစ်ဦးက Myanmar Now ကို အတည်ပြုပြောကြားသည်။
သေဆုံးသူမှာ မကွေးတိုင်း၊ ကုလားဟောင်းရွာမှ ပဲခူးသို့ အလုပ်ကိစ္စဖြင့်ရောက်နေသူ အသက် ၂၀ ဝန်းကျင်ရှိ မောင်ထက်နိုင်ရှိန်းဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် ဆိုင်ကယ်စီးနေရင်း လက်ကိုကျည်ဆန် ထိမှန်သူတစ်ဦးရှိကြောင်း အတည်ပြုနိုင်သည်မှအပ အခြားသူတို့၏ ဒဏ်ရာအခြေအနေနှင့် ဖမ်းဆီးခံရ သူများ အကြောင်းကိုမူ အသေးစိတ် မသိရသေးပေ။
ပဲခူးမြို့ ပုဏ္ဏစု ၁၀ လမ်းထိပ်၌ အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်နေစဉ် နံနက် ၉ နာရီ ကျော်မှ ၁၁ နာရီကျော်အထိ ရဲနှင့်စစ်တပ်က လမ်းနှစ်ဖက်ကိုပိတ်ကာ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်သူက ပြောသည်။
“ထွက်ပြေးတဲ့အပေါက်တွေ အကုန်လုံးလိုက်ပိတ်နေလို့ ပိတ်မိနေတဲ့အချိန်မှာ ပဲခူးက မှော်ကန်တို့၊ ဆိုရှယ်လစ်တို့က သပိတ်စစ်ကြောင်းတွေကလာပြီး ရဲနဲ့စစ်သားတွေကို ပြန်ပိတ်ခုခံပါတယ်။ ပြန်ခု ခံတယ်ဆိုတာက မီးခိုးဗုံးတို့၊ မီးရှူးမီးပန်းနဲ့ ပြန်ပစ်တာလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။
သပိတ်စစ်ကြောင်းတွင်ပါဝင်ခဲ့သူအချို့၏ ညနေ ၃ နာရီခန့်အချိန် အတည်ပြုထားချက်များအရ အဆိုပါနေရာတွင်ပိတ်မိနေသည့် ဆန္ဒပြသူများအားလုံး ပြန်လည်ထွက်ခွာရန်လမ်းပွင့်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ကလည်း ဖြိုခွင်း၊ ဖမ်းဆီးမှုများ ရပ်နားထားသည်ဟု သိရသည်။
စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်မှစ၍ မတ် ၁၃ ရက်အထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ လက်ချက်ဖြင့် တစ်နိုင်ငံလုံးတွင် အနည်း ဆုံး လူ ၈၀ ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ခန့်မှန်းထားသည်။
ထို့အတူ လူပေါင်း ၁၈၀၀ ထက်မနည်းကိုလည်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုး တပ်ကာ အရေးယူထားကြောင်း AAPP ကထုတ်ပြန်ထားသည်။