သတင်း

စစ်ကောင်စီကို စံချိန်သစ်တင်ဒဏ်ခတ်အရေးယူရန် ကုလအထူးအရင်ခံစာတင်သွင်းသူ တိုက်တွန်း

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် ပြင်းထန်သော ဒဏ် ခတ် အရေးယူမှုများဖြင့် အားကောင်းညီညွတ်သည့်လက်တွေ့လုပ်ဆောင်မှုစံချိန်သစ်တင်ရန် အချိန်ကျရောက်ပြီဟု မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူက ယနေ့ တိုက် တွန်းသည်။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က မတ်လ ၁၂ ရက် တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ကုလအဖွဲ့ဝင်နိုင်ငံများ စစ်ကောင်စီအပေါ် ပြင်းထန်သော ဒဏ်ခတ်အရေးယူမှု စံချိန်သစ်တင်ရန် ၎င်း၏တွစ်တာ စာမျက်နှာမှတစ်ဆင့် ယနေ့ ထပ်မံတိုက်တွန်းသည်။

မြန်မာစစ်ကောင်စီက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှတစ်ဆင့် နိုင်ငံတကာအသိုက်အဝန်းသို့ တင်ပြချက်များမှာ မျက်နှာပြောင်တိုက်ကာ စိတ်ပျက်ဖွယ်ရာဖြစ်သည်ဟု Tom Adrews က ကောင်စီ၌ ပြောကြားခဲ့သည်။

စစ်ကောင်စီကိုယ်စားလှယ်က ‘အာဏာပိုင်များသည် အကြမ်းဖက်သော ဆန္ဒပြမှုများအား အင်အားမသုံးရန် အစွမ်းကုန် ထိန်းချုပ်နေပါသည်’ သို့ ကောင်စီသို့ ပြောကြားခဲ့သည်။

ထိုပြောကြားမှုနှင့် စစ်ကောင်စီသည် ‘ဒီမိုကရေစီ’ ကို ကတိစောင့်တည်သည်ဟူသော စကား ရပ်များမှာ စိတ်ပျက်ဖွယ်ကောင်းလှသည်ဟု Tom Andrews က ကောင်စီသို့ ပြောကြားခဲ့သည်။

စစ်ကောင်စီ၏ ပြောကြားချက်များနှင့် လုပ်ဆောင်ချက်များမှာ စိတ်ညစ်ညူးဖွယ်ကောင်းလှသော်လည်း မြန်မာပြည်သူပြည်သားများ၏ လုပ်ဆောင်မှုများမှာ ကမ္ဘာတစ်ဝန်းမှ ချီးကျူး အားကျဖွယ်ပင်ဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ဆက်ပြောသည်။

“ငြိမ်းချမ်းသော၊ မဆုတ်မနစ်သော ဇွဲဖြင့် ပြည်သူသန်းပေါင်းများစွာ တွန်းလှန်နေမှုသည် ၎င်းတို့ နိုင်ငံ ကာကွယ်ရန်အတွက်၊ ၎င်းတို့၏ကလေးသူငယ်များအနာဂတ်များအတွက်ပင်ဖြစ်သည်” ဟု ဟု Tom Andrews က မတ်လ ၁၂ ရက်တွင် ကောင်စီသို့ ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် တရားမျှတမှုရှိရေး၊ တာဝန်ယူရေး၊ အကြမ်းဖက်ခြိမ်းခြောက်ခြင်းမှ ကင်းလွတ်နိုင်ရေး၊ လူ့အခွင့်အရေးများရရှိစေရေး စသည်တို့အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက လက်တွေ့လုပ်ဆောင်ရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံပေါင်းများစွာ၊ နိုင်ငံတကာမှ လူထု၏ညီညွတ်မှု၊ မြန်ဆန်ထိရောက်မှုရှိသော လုပ်ထုံးလုပ်နည်း အသစ်များနှင့်လုပ်ဆောင်ရမည်ဟု အထူးအစီရင်ခံစာတင်သွင်းသူက တိုက်တွန်းခဲ့သည်။

Related Articles

Back to top button