သတင်း

ကချင်ပြည်နယ်ရှိ မြို့အချို့၌ KIA ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်လာ


မြစ်ကြီးနား- ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်နှင့် နမ္မတီးမြို့များတွင် ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIA)ကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ကြလာသည်။

KIO/ KIA ကို​ထောက်ခံပါသည် ။ KIA ကိုဘုရားသခင်​စောင့်​ရှောက်ပါ​စေ စသည့်အဓိပ္ပာယ်ရ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား​သောဆိုင်းဘုတ်များကိုင်​ဆောင်ခြင်း၊ ပြည်သူ့ဆန္ဒကိုအ​လေးထား​သော KIO/ KIA ကို​ ထောက်ခံပါသည် စ​သောစာတမ်းများ ကိုင်​ဆောင်၍ ​​ဒေသခံပြည်သူများက ဆန္ဒထုတ်​ဖော်ကြသည်။

“ ဖားကန့်ကအရင်စတာ ကျန်တဲ့ နမ္မတီးတို့ မြစ်ကြီးနားတို့လည်းလုပ်လာတယ်။ မြစ်ကြီးနားက ဒီနေ့စတာပေါ့။ လူထုတွေက အခုလက်ရှိ အနေအထားမှာ စစ်တပ်အပေါ် မခံမရပ်နိုင်ဖြစ်တော့ KIA ရဲ့ အကူအညီများရမလား၊ ဒီအခြေအနေကနေများ လွတ်မြောက်နိုင်မလားမျှော်လင့်ချက်လေးတွေနဲ့ အဲဒီလိုထင်တယ်” ဟု ကချင်လူငယ် ကိုဆန်အောင်က ပြောသည်။

KIA အနေဖြင့် မတ်လ ၁၁ရက်က ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ  စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့သည့်အပြင် မတ်လ ၁၂ရက်ကလည်း မိုးကောင်းနှင့် ကာမိုင်းကြားရှိ စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့၍ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ညနေပိုင်းတွင်လည်း ကားမိုင်းဒေသ၌ တိုက်ပွဲ ဖြစ်သည်ဟုဒေသခံများက ပြောကြောင်း ကိုဆန်အောင်ကဆက် ပြောသည်။ “ ကောင်ရာကျေးရွာဘက်လို့ ပြောတာပဲ” ဟု ၄င်း ကဆိုသည်။


KIO/KIA ကို ကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ရွေးကောက်ခံအမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အမြန်ဆုံး မဟာမိတ် ပြုနိုင်ရေး ကိုလည်း တောင်းဆိုကြသည်။

“ ပြည်သူလူထုကတော့ သိတဲ့အတိုင်းပဲ နည်းနည်းစုရုံးတာနဲ့ နည်းနည်း ဖြိုခွဲခံရတာဆိုတော့ အခုကတော့ ရွေးချယ်စရာလမ်းကလည်း သိပ်မရှိတော့ဘူး။ တချို့မြို့နယ်တွေမှာဆိုရင် သိရသလောက် ပြန်ခုခံ မယ့်အနေအထားပေါ့။ သူတို့(စစ်ကောင်စီ)ဘက်က ပစ်ပြီဆိုရင် ပြန်ခုခံ မယ့်အနေအထားဆိုတော့ မကြာခင် ကျွန်တော်တို့ ကချင်ပြည်နယ်မှာလည်း အဲဒီအနေအထား ရောက်လာနိုင်တယ်လို့ သုံးသပ်မိတယ်။ ပြီးရင် ပြည်သူတွေကလည်း ဒီထက်ပိုထိခိုက်လာနိုင်သေးတယ်။ အဲဒီအခါကျတော့ CRPH အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆွေးနွေးပြီးဘယ်လို သဘောတူညီမှုတွေနဲ့ ဆက်လုပ်ကြမလဲဆိုတာ အဲဒါကို အဓိကစောင့်ကြည့်နေတာ” ဟု ကိုဆန်အောင်က ပြောသည်။

KIA အနေဖြင့် တပ်မတော်၏ စစ်အာဏာသိမ်းမှုအပေါ် သဘောထား မှတ်ချက်မပြုသော်လည်း ပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။ 

 

Show More

Related Articles

Back to top button