သတင်း

ရန်ကုန်တစ်ဖက်ကမ်း တွံတေးမြို့အကြမ်းဖက်ဖြိုခွဲခံရမှု  ၂ ဦးသေဆုံး ၉ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၂ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒဏ်ရာရသူများကို ကူညီပေးနေသည့် စိတ္တသုခလူမှုရေးအသင်းနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူနှစ်ဦးမှာ အမျိုးသားများဖြစ်ပြီး တစ်ဦးမှာ ဦးခေါင်းနှင့် နောက်တစ်ဦးမှာ ဝမ်းဗိုက်တွင် သေနတ်ကျည်ဆန်ထိမှန် သေနတ်ထိမှန်ကာသေဆုံးခဲ့ခြင်းဖြစ်ပြီး နာမည်နှင့် အသက်အရွယ်ကိုမူ မသိရသေးပေ။

“သေဆုံးသူနှစ်ယောက်ရှိတယ်၊ သေဆုံသူနှစ်ဦးလုံးရဲ့ အလောင်းတွေက ဆေးရုံမှာရှိနေတုန်းပဲ ဆေးရုံဝင်းးထဲမှာလည်း စစ်သားတွေရှိနေတယ်” ဟု အထက်ပါမြို့ခံက ပြောသည်။ 

ယနေ့ (မတ် ၁၃) နံနက်ပိုင်းက တွံတေးမြို့နယ် ရွှေဆံတော်ဘုရားမြောက်ဘက်မုခ်တွင် ဆန္ဒပြပြည်သူ ၂၀၀ ခန့်က ထိုင်သပိတ်ဖြင့် ဆန္ဒပြခဲ့ကြပြီး နံနက် ၁၀ နာရီအကျော်တွင် ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်။ 

ထို့နောက် နေ့လယ် ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ်ဘက်မှ ရောက်လာသည့် စစ်သားများက တွံတေးမြို့ရှောင်လမ်းမှတဆင့် မြို့အတွင်းသို့ ဝင်ရောက်ပြီး လမ်းတွင်တွေ့ရသည့် ဆန္ဒပြသူများနှင့် မည်းမည်းမြင်ရာကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ဦးဆောင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့က သပိတ်ခွဲနေပြီ။ လှိုင်သာယာဘက်က စစ်ကားတွေတက်လာတယ်ဆိုလို့ လူပြန်စုပြီး အခြေအနေကြည့်နေတာ အဲဒီမှာ သူတို့က အကြမ်းဖက်တာတောင်မဟုတ် စစ်ပွဲတစ်ခုကို လာတိုက်သလိုမျိုးကို ပစ်တာ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

သေဆုံးသူတစ်ဦးမှာ ရွှေဆံတော်ဘုရားအရှေ့ဘက်မုခ်အနီးတွင် အခြားဒဏ်ရာရသူများကို ကယ်ထုတ်နိုင်ရန် ကာကွယ်ပေးနေစဉ် ဦးခေါင်းကို သေနတ်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ကူညီပေးနေသည့် စိတ္တသုခလူမှုကူညီရေးအသင်းနှင့် နီးစပ်သူ တစ်ဦးက တွံတေးဆေးရုံတွင် သေဆုံးသူနှစ်ဦးရှိပြီး ဒဏ်ရာရသူများလည်း ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် ဒဏ်ရာရသူများကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ရန် စစ်တပ်က ဖိအားပေးနေသည့်အတွက် ဒဏ်ရာရသူ ၅ ဦးကို ပို့ဆောင်လိုက်ရသည်ဟု ဆိုသည်။ 

တွံတေးဆေးရုံရှေ့တွင် စစ်ကား ၁၅ စီးနှင့် တပ်မ ၇၇ မှ စစ်သား ၂၀၀ ခန့်ရှိနေပြီး ည ၇ နာရီကျော်အထိ သေနတ်ပစ်ခံသံများကို ကြာနေရသေးသည်ဟု ဆေးရုံအနီးတွင်ရောက်ရှိနေသူ မြို့ခံတစ်ဦးက ပြောသည်။

Show More

Related Articles

Back to top button