အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်မှုဖြင့် အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန်ဝန်ကြီးချုပ်များ တက်ရောက်သည့် အွန်လိုင်းထိပ်သီးဆွေးနွေးပွဲ၌ အရေးကြီးဆုံးကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန်ဆွေးနွေးခဲ့ကြသည်။
“မြန်မာနိုင်ငံနှင့်ပြည်သူလူထုကို ကာလရှည်ကြာရပ်တည်ထောက်ခံကြသူများအနေဖြင့် ကျွန်ုပ်တို့သည် ဒီမိုကရေစီပြန်လည်အသက်သွင်းရေး အရေးပေါ်လိုအပ်မှုနှင့် ဒီမိုကရေစီခံနိုင်ရည်ရှိရေး ဦးစားပေးရန်တို့ကို အလေးထားခဲ့ကြသည်” ဟု Quad ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်၌ ဖော်ပြသည်။
အထက်ပါလေးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ဩစတြေးလျဝန်ကြီးချုပ်မော်ရစ်ဆင်၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဆူဂတို့က ကိုဗစ်-၁၉၊ ရာသီဥတုအပြောင်းအလဲ၏ခြိမ်းခြောက်မှု၊ ဒေသတွင်းရင်ဆိုင်နေရသည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။
ခေါင်းဆောင်များသည် ကွဲပြားသောအမြင်များ၊ လွတ်လပ်ပြီးပွင့်လင်းသောအင်ဒို-ပစိဖိတ်အတွက် ဘုံရှုမြင်ချက်များကို ပေါင်းစည်းထားကြောင်းနှင့် လွတ်လပ်သော၊ ပွင့်လင်းသော၊ အားလုံးပါဝင်သော၊ ကျန်းမာသော ဒေသဖြစ်ရေးအတွက် ကြိုးပမ်းကြောင်း ပူးတွဲကြေညာသည်။
ထို့အပြင် ဒေသတွင်း၌ ဒီမိုကရေစီတန်ဖိုးများခိုင်မာရေးနှင့် အကျပ်ကိုင်မှုဖြင့် အဓမ္မမပြုရေးတို့ကိုလည်း ကြိုးပမ်းလုပ်ဆောင်မည်ဟု ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။