
စစ်အာဏာရှင်ဆန့်ကျင်ရေး အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်နေသည့် တာမွေမြို့နယ် မလွှကုန်းမီးရထားစက်ခေါင်းစက်ရုံမှ ဝန်ထမ်း ၂၆၀ ကျော်ကို ငွေကြေးထောက်ပံ့သွားမည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။
မလွှကုန်းမီးရထားစက်ရုံတွင် ဝန်ထမ်း ၁၀၀၀ နီးပါးရှိသည့်အနက် ၉၀၀ ကျော်သည် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
လတ်တလော ကောက်ယူထားသည့် စာရင်းများအရ မီးရထားဝန်ထမ်း ၂၆၀ ကျော်၏ အမည်စာရင်းကို ရရှိထားပြီး ဝန်ထမ်း ၁၀၀ ကို တစ်ဦး ကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့တွင် ကျပ်သိန်း ၁၀၀ ထောက်ပံ့သွား မည်ဖြစ်ကြောင်း သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့ပြင် ကျန်ရှိသည့် ဝန်ထမ်း ၁၆၀ ကျော်မှ ဝန်ထမ်း ၅၀ အတွက် အလှူငွေများလည်း လက်ခံရရှိထားပြီး ဆက်လက်ကူညီနိုင်ရေးအတွက် ပြင်ဆင်နေသည်ဟု ဆိုသည်။
“ကူညီရမယ့်အရေအတွက်က ထပ်တိုးလာဖို့ရှိပါတယ်။ ဝန်ထမ်းအရေအတွက်ကလည်း ၉၀၀ ကျော်ရှိနေ တယ်ဆိုတော့ အဲဒီအတွက်လည်း ပြင်ဆင်နေပါတယ်” ဟု သမဂ္ဂအဖွဲ့ဝင် ကျောင်းသားတစ်ဦးက ပြောသည်။
ကျန်းမာရေးဝန်ထမ်းများနည်းတူ စစ်ကောင်စီ၏ အာရုံစိုက်မှု ခံရသည့်ဝန်ထမ်းများတွင် မီးရထားဝန်ထမ်း များလည်းပါဝင်နေပြီး CDM လှုပ်ရှားမှုတွင် မီးရထားဝန်ထမ်းများက တက်ကြစွာပါဝင်နေသည့်အတွက် ကူညီရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မီးရထားဝန်ထမ်းများကို ထောက်ပံ့နိုင်ရေးအတွက် ပြင်ပအလှူရှင်များ၏လှူဒါန်းငွေများနှင့် အခြားကျောင် သားအဖွဲ့အစည်းများကလည်း ကူညီသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ် ၁၀ ရက် နံနက်အစောပိုင်းတွင် ရာနှင့်ချီသော စစ်တပ်နှင့် ရဲများက မလွှကုန်းမီးရထား ဝန်ထမ်းအိမ်ရာကို ဝင်ရောက်စီးနင်းပြီး တပ်စွဲခဲ့သဖြင့် မီးရထားဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင် များ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်ကောင်စီလက်နက်ကိုင်များသည် ဝင်ရောက်တပ်စွဲပြီးနောက် CDM လုပ်သည့် မီးရထားဝန်ထမ်းများ အတွက် ပြည်သူများက ထောက်ပံ့ထားသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ်သီး စသည့် ရိက္ခာများယူ ဆောင်သွားပြီး အနည်းဆုံး ဆန်အိတ် ၁၀၀ ခန့်ပါသွားကြောင်း ဝန်ထမ်းများက Myanmar Now ကို ပြောကြားထားသည်။
စစ်ကောင်စီလက်နက်ကိုင်များတပ်မစွဲခင် ရက်အနည်းငယ်ကတည်း မီးရထားဝန်ထမ်းအချို့ တိမ်းရှောင် ခဲ့ရာတွင်လည်း လမ်းစရိတ်များကူညီပေးခဲ့သည်ဟု သမဂ္ဂအဖွဲ့ဝင် ကျောင်းသားတစ်ဦးက ပြောသည်။
CDM လုပ်ထားသည့် မီးရထားဝန်ထမ်း ၉၀၀ ကျော်သည် စစ်ကောင်စီအာဏာယူထားချိန်တွင် ၎င်းတို့၏ လုပ်ခလစာများကို ထုတ်ယူခြင်းမပြုဘဲ ပြည်သူ့အစိုးရတက်လာမှသာ ထုတ်ယူမည်ဟု ထုတ်ဖော်ပြော ကြားထားသည်။
အကျပ်အတည်းဖြစ်နေချိန်တွင် ကူညီမည်ဟု ကြားသိရသည့်အတွက် ဝမ်းသာမိသည်ဟု ဝန်ထမ်းလိုင်း ခန်းမှ တိမ်းရှောင်ခဲ့ရသူ အသက် ၅၈ နှစ်အရွယ် မီးရထားဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။
“ဒုက္ခရောက်နေတဲ့အချိန်မှာ ငွေရေးကြေးရေးနဲ့ ကျောင်းသားလေးတွေက လှူတယ်ဆိုတော့ ပိုပြီးတော့တောင် ဝမ်းသာပီတိ ဖြစ်တာပေါ့လေ။ မီးရထားမှာလည်း အကုန်လုံးက လစာလည်း မရကြဘူးလေ၊ ရသွားလည်းသူတွေလည်း ပြေပြေလည်လည်ဖြစ်သွားနိုင်တော့ နေစရာမရှိလည်း စားစရာတော့ရှိတာပေါ့လေ” ဟု အဆိုပါ မီးရထားဝန်ထမ်းက ပြောသည်။
တစ်နိုင်ငံလုံးမှ မြန်မာ့မီးရထားဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကြောင့် စစ်တပ်က အာဏာသိမ်းပြီး ၈ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်မှစ၍ မီးရထားပြေးဆွဲမှုလုံးဝရပ်ဆိုင်းခဲ့ပြီး ဝန်ထမ်းများအပေါ်အမျိုးမျိုး ဖိအားပေးခြိမ်းခြောက်မှုများလည်း ရှိနေသည်။