မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နေရပ်ပြန်ရေးအခက်အခဲရှိသူများနှင့် ဗီဇာသက်တမ်း ကုန်ဆုံးသူများအတွက် ၁၈ လကြာဆက်လက်နေထိုင်ခွင့်ကို အမေရိကန်အမိမြေလုံခြုံရေးဝန် ကြီးဌာနက သတ်မှတ်ခွင့်ပြုပေးခြင်းဖြစ်သည်။
“အရပ်သားပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမဆန်တဲ့အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ နိုင်ငံတစ်ဝန်းမှာ ရှုပ်ထွေးပြီးလူသားချင်းစာနာမှု အကျပ်အတည်းကို ဆိုးဆိုးရွားရွားခံစားနေရပါတယ်” ဟု အမိမြေလုံခြုံရေးဝန်ကြီး Alejandro N. Mayorkas က ပြောသည်။
ဆက်လက်၍ “ဒီအခြေအနေဆိုးကြီးကို သေသေချာချာသုံးသပ်ပြီးနောက် မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်ပေးရေးကြေညာချက်ကို ကျွန်တော်သတ်မှတ်ပြဋ္ဌာန်းလိုက်ပါပြီ။ ဒီကြေညာချက်ကြောင့် မြန်မာနိုင်ငံသားတွေ၊ အမြဲနေထိုင်သူတွေဟာ အမေရိကန်မှာ ယာယီဆက်လက်နေ ထိုင်ခွင့်ရှိမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများခြိမ်းခြောက်ခံနေရခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို သေစေနိုင်သည့် အကြမ်းဖက်မှုကျူးလွန်ခြင်း၊ နိုင်ငံတစ်ဝန်း၌ မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ အကြမ်းဖက်ခြင်း ဆက်လက်ဖြစ်ပေါ်နေ၍ အဆိုပါလတ်တလောနှင့် ထူးခြားဖြစ်စဉ် အခြေအနေများအား သေချာစွာစဉ်းစားသုံးသပ်ကာ ကြားခံအေဂျင်စီမိတ်ဖက်များနှင့်ဆွေးနွေးအကြံပြုချက် ရယူအပြီးတွင် TPS ကို ပြဋ္ဌာန်းရန် အမိမြေလုံခြုံရေးဝန်ကြီးက ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် အာဏာသိမ်းမှုသည် အသက်ကယ်ဆယ်ရေးအထောက်အပံ့များကို ကန့်သတ်ခြင်း၊ လူသားချင်းစာနာမှုနှင့် ဆေးဝါးကူညီမှုလေယာဉ်များကို နှောင့်ယှက်ခြင်းနှင့် စီးပွားရေးအကျပ်အတည်းကို တွန်းပို့ခြင်း စသည့် နယ်ပယ်စုံတွင် အခြေအနေဆိုးရွားစေကြောင်း အမိမြေလုံခြုံ ရေးဝန်ကြီးဌာနထုတ်ပြန်သည်။
တစ်ချိန်တည်းတွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများကို ခေတ္တနေထိုင်ခွင့်နှင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့် (၁၈)လ ခွင့်ပြုကြောင်း ကြေညာခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ နိုင်ငံတကာ ဆက်ဆံရေးရုံးက မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ယနေ့ထုတ်ပြန်သည်။
CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်နှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးအပြီးတွင် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ကြေညာချက်ထွတ်ပေါ်လာခြင်းလည်းဖြစ်သည်။