သတင်း

မြဝတီကျားဖြန့်သို့ လျှပ်စစ်တင်ပို့မှုအတွက် ထိုင်းအစိုးရက လစဉ် ဘတ်ငွေသန်းနှင့်ချီ ဝင်ငွေရ

လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများတစိုက်မတ်မတ်လုပ်ကိုင်နေသည့် ကရင်ပြည်နယ် မြဝတီမြို့ သို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနေမှုကနေ ထိုင်းအစိုးရ လျှပ်စစ်ဌာနအနေဖြင့် ထိုင်းဘတ်ငွေ သန်းနှင့်ချီ အကျိုးအမြတ်ရနေသည်ဟု ထိုင်းသတင်းဌာနများက ထောက်ပြကြသည်။

လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများတစိုက်မတ်မတ်လုပ်ကိုင်နေသည့် ကရင်ပြည်နယ် မြဝတီမြို့ သို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနေမှုကနေ ထိုင်းအစိုးရ လျှပ်စစ်ဌာနအနေဖြင့် ထိုင်းဘတ်ငွေ သန်းနှင့်ချီ အကျိုးအမြတ်ရနေသည်ဟု ထိုင်းသတင်းဌာန Thai Enquirer က ယမန်နေ့ (ဇန်နဝါရီ ၂၇)တွင် ရေးသား ထားသည်။

ထိုင်းအစိုးရ လျှပ်စစ်ဌာနအနေဖြင့် မယ့်ရာမတ်ခရိုင်၊ မဲဆောက်၊ ထဆောင်ရန်းခရိုင် မယ့်ကုမိုင်၊ ထိုင်း- မြန်မာနယ်နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် (၂ ) အနီးက မြဝတီမြို့တို့ကို လျှပ်စီးမီးပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

မဲဆောက်မြို့သည် ကရင်နယ်ခြားစောင့်တပ် BGFထိန်းချုပ်ရာ မြဝတီမြို့နှင့် နယ်မြေချင်းထိစပ်နေသည့် မြို့တစ်ခုဖြစ်ပြီး မယ့်ရာမတ်ခရိုင်သည် ရွှေကုက္ကိုမြို့နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံခရိုင်မြို့တစ်ခုဖြစ် သည်။ 

အလားတူ ထဆောင်ရန်းခရိုင်၊ မယ့်ကုမိုင်မှာလည်း ရွှေကုက္ကိုလ်တောင်ဘက် ၁၈ မိုင်အကွာရှိ မယ်ထော် သလေးရွာအနီးက ငွေလိမ်လုပ်ငန်း၊ လူကုန်းကူးမှုတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် KK Park နှင့် သောင်းရင်းမြစ်သာခြားသည့် မြို့တစ်ခုဖြစ်သည်။

ထိုဒေသသည် စစ်ကောင်စီသစ္စာခံတပ် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာဒေသဖြစ်ပြီး တရုတ်ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေသည့် ဒေသတစ်ခုလည်းဖြစ်သည်။

အဆိုပါနေရာများအနက် KK Parkနှင့် ရွှေကုက္ကိုလ်မြို့တို့ကို ပေးဝေနေသည့် လျှပ်စစ်လိုင်းများကို ပြီးခဲ့ သည့် ၂၀၂၄ ဇွန် ၅ တွင် ထိုင်းအစိုးရက ဖြတ်တောက်ထားခဲ့သော်လည်း နှစ်နိုင်ငံချစ်ကြည်ရေး တံတား အမှတ် (၂) အနီးက မြဝတီမြို့ကိုမူ ဆက်လက်ပေးဝေးထားဆဲဖြစ်သည်။

ထိုင်းအစိုးရ လျှပ်စစ်ဌာနအကြီးအကဲ၊ ပြည်ထဲရေးဝန်ကြီး Anutin Charnvirakulက မြန်မာနိုင်ငံသို့ ပေးဝေ သည့် လျှပ်စစ်မီးကို မြဝတီဒေသက ရာဇဝတ်ဂိုဏ်းများ ရယူသုံးစွဲနေမှုမရှိစေရန် ဆောင်ရွက်ရေးမှာ ၎င်းနှင့် လျှပ်စစ်ဌာန၏ တာဝန်မဟုတ်ဘဲ စစ်ကောင်စီမှ ကိုင်တွယ် ဖြေရှင်းရမည့်အရေးသာဖြစ်သည်ဟု ထိုင်းအခြေစိုက် သတင်းဌာန  Thai Enquirer က ဇန်နဝါရီ ၂၅ ရက်တွင် ရေးသားထားသည်။

ထိုင်းအစိုးရအနေဖြင့် ရာဇဝတ်လုပ်ငန်းများထံ လျှပ်စစ်မီးကို တိုက်ရိုက်ရောင်းချထားခြင်းမဟုတ်ဘဲ နှစ်နိုင်ငံအစိုးရအကြား သဘောတူစာချုပ်ဖြင့် ရောင်းချထားခြင်းသာဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက ရှင်းလင်းပြောဆိုထားသည်ဟု အထက်ပါ သတင်းဌာနက ယမန်နေ့တွင် ရေးသားထားသည်။

ပြည်ထဲရေးဝန်ကြီး၏ ပြောဆိုမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် လူမှုဗေဒနှင့် မနုဿဗေဒ ဌာနမှ တွဲဖက်ပါမောက္ခ Pinkaew Laungaramsri က မှားယွင်းနေကြောင်း ဝေဖန်လိုက်ပြီး ထိုင်းအစိုးရ အနေဖြင့် ရာဇဝတ်လုပ်ငန်းများကြီးစိုးသည့် ဒေသများကို လျှပ်စစ်မီးပေးဝေနေမှုကနေ အကျိုးအမြတ် မြိုးမြိုးမြတ်မြတ်ရရှိနေသည်ဟု  ထောက်ပြထားသည်။
 
မြဝတီသို့ လျှပ်စစ်မီးပေးဝေနေမှုအတွက် နှစ်နိုင်ငံအကြား သဘောတူစာချုပ် မရှိဘဲ ထိုဒေသကို စစ်ကောင်စီကပင် အပြည့်အဝထိန်းချုပ်နိုင်သည့် ဒေသမဟုတ်ကြောင်း ၎င်းက ထောက်ပြထားသည်။
 
ယမန်နှစ် ဇွန်လဆန်းပိုင်းတွင် လျှပ်စစ်မီးပေးဝေမှု မရပ်ဆိုင်းခင်က ရပ်ဆိုင်းခဲ့သည့် KK Park အမည်ရ ငွေလိမ်စင်တာသည် တစ်လလျှပ် လျှပ်စစ်မီးသုံးစွဲမှုပမဏ ၁၀ မီဂ္ဂါဝပ်ရှိသလို ရွှေကုက္ကိုလ်မှာလည်း တစ်လ မီးသုံးစွဲမှု ၈ မီဂ္ဂါဝပ်အထိရှိသည်။ ထိုနှစ် မေလတွင် KK park တစ်ခုတည်းကနေ ထိုင်းဘတ်ငွေ သန်း ၃၀ ဝင်ငွေရရှိခဲ့သည်ဟု တွဲဖက်ပါမောက္ခ Pinkaew Laungaramsri ထောက်ပြထားသည်ဟု Thai Enquirer ကလည်း ရေးသားထားသည်။ 

မြဝတီဒေသတစ်ခုလုံးရှိ ငွေလိမ်စင်တာလုပ်ငန်းများကနေ ရရှိသည့် ဝင်ငွေမှာ ထိုင်းဘတ်ငွေ သန်း ၁၀၀အထိပင် ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

ထိုင်းအစိုးရသည် Shwe Myint Thaung Yinn Industry & Manufacturing (SMTY)ကုမ္ပဏီကဲ့သို့ BGFနှင့် ပတ်သတ်ဆက်နွယ်နေသည့် ကုမ္ပဏီများ၊ ကြားခံအဖွဲ့များဖြင့် စာချုပ်ချုပ်ဆို၍ မြဝတီဒေသကို မီးပေး ဝေနေခြင်းဖြစ်သည်။

ထို SMTYကုမ္ပဏီသည် BGF တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းနှင့် ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်း တို့ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။

မြဝတီဒေသရှိ ငွေလိမ်လုပ်ငန်းများသည် အမေရိကန်အပါဝင် အခြားသောနိုင်ငံသားများကို ပစ်မှတ် ထား၍ အွန်လိုင်းမှတဆင့် သွေးဆောင်၍ ဒေါ်လာသန်းနှင့်ချီလိမ်လည်ကြသည်ဖြစ်ရာ လုပ်ငန်းလည် ပတ်ရေးအတွက် လျှပ်စစ်မီးရရှိရေးမှာ အရေးပါသည်။

အဆိုပါကုမ္ပဏီနှင့် ထိုင်းကိုယ်စားလှယ်အချို့ သည် မြဝတီဒေသ လျှပ်စစ်မီးရရေးပူးပေါင်းဆောင်ရွက်ခဲ့ ပြီး ဓာတ်အားခ ဝင်ငွေကို ထိုင်းအစိုးရလျှပ်စစ်ဌာနက လစဉ်ရရှိနေခြင်းဖြစ်သည်။

ငွေလိမ်လုပ်ငန်း၊ လောင်းကစားနှင့် ရာဇဝတ်လုပ်ငန်းများလည်ပတ်နိုင်ရေး မြေနေရာနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ပံ့ပေးပေးထားခြင်းဖြစ်ဖြင့် BGFနှင့် ထိုင်းကိုယ်စားလှယ်တို့က အကျိုးအမြတ်များ ရနေသလို ထိုင်းလျှပ်စစ်ဌာနကလည်း ကြီးမားသည့် အကျိုးအမြတ်ကို လစဉ်ရရှိနေခြင်းဖြစ်သည်ဟု The Enquirer က ရေးသားထားသည်။

ထိုင်းလျှပ်စစ်ဌာနသည် မြဝတီဒေသကို ရောင်းချပေးထားသည့် လျှပ်စစ်ဓာတ်အားနှုန်းထားမှာ လာအို နိုင်ငံအပါဝင် အခြားသော အိမ်နီးနိုင်ငံများကို ရောင်းချသည့် ဓာတ်အားခထက် အဆမတန်စျေးပိုတင်၍ ရောင်းထားခြင်းလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုနှစ်ဆန်းပိုင်းမှာ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing အား ထိုင်းနိုင်ငံမှတဆင့် ရွှေကုက္ကိုလ်မြို့ အထိ ငွေလိမ်လုပ်ငန်းမှာ အဓမ္မစေခိုင်းရန် လူကုန်ကူးမှုဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ဒေသက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းရန် တရုတ်အစိုးရနှင့် အာဆီယံနိုင်ငံများက ဖိအားပေးလျက် ရှိသည်။ 

အဆိုပါသရုပ်ဆောင်ကို စောချစ်သူ၏ BGF တပ်သားများက ခေါ်ယူသွားခြင်းဖြစ်ပြီး သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ထွက်လာမှသာ ထိုင်းရဲတပ်ဖွဲ့ထံ ပြန်လည် လက်လွှဲပေးလိုက်ခြင်းဖြစ်သည်ဟု Thai Examiner ၏ သတင်းတွင် ဖော်ပြထားသည်။

စောချစ်သူ၊ စောတင်ဝင်းအပါဝင် BGFခေါင်းဆောင်များသည် ရာဇဝတ်လုပ်ငန်းများကို လက်ခံနေရာချ ထားပေးခြင်း၊ လုပ်ငန်းများလည်ပတ်နိုင်ရန် လျှပ်စစ်မီးနှင့် အင်တာနက်ရရှိရေးဆောင်ရွက်ပေးခြင်းနှင့် လုံခြုံရေးယူပေးထားခြင်းတို့ကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း အကျိုးအမြတ်ရရှိနေခြင်းဖြစ် သည်ဟု ယမန်နှစ် (ဧပြီ ၂၂)က အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP)၏ အစီရင်ခံ စာတွင် ဖော်ပြထားသည်။

BGF က ရရှိသည့် ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို စစ်တပ်က ရရှိနေသည်ဟု USIP၏ အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

 ထို့နောက် စစ်ကောင်စီသည် မြဝတီဒေသမှာ လုပ်ကိုင်နေသည့် ငွေလိမ်လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်မီး၊ အင်တာနက်၊ လက်နက်အပါဝင် လိုအပ်သည့်အခြေခံပစ္စည်းများကို ထိုင်းနိုင်ငံကနေ ရရှိနေတာကြောင့် လည်ပတ်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီက ပြန်လည်အပြစ်ဖို့ ထားသည်။

စစ်တပ်၏ စွပ်စွဲချက်နှင့်ပတ်သတ်၍ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးလည်းဖြစ် ဒုတိယဝန်ကြီးချုပ် Phumtham Wechayachaiက ဇန်နဝါရီ ၂၄ ငြင်းဆိုထားသည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကို ပူးပေါင်းနှိမ်နင်းရန် လိုအပ်ကြောင်း၊ ၎င်းတို့အနေဖြင့် မြဝတီဒေသအား ဓာတ်အားဖြတ်တောက်ထားပြီး ဖြစ်သော်လည်း လျှပ်စစ်မီးဆက်လက်ရရှိနေသည့် အခြေနေကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဒုတိယဝန်ကြီးချုပ်က ပြန်လည်တုန့်ပြန်ထားသည်။

Related Articles

Back to top button