
စစ်ဘက်ရေးရာ ရည်ရွယ်ချက်ဖြင့် အသုံးမည်ကို စိုးရိမ်သဖြင့် မြန်မာ့ပထမဆုံးဂြိုဟ်တုကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းတွင်သာ ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်း ဂျပန်တာဝန်ရှိသူများကို ကိုးကားလျက် Reuters သတင်းဌာနက ရေးသားထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းလိုက်သဖြင့် ဂျပန်အာကာသအေဂျင်စီနှင့် မြန်မာ့ပထမဆုံးဂြိုဟ်တုကို တည်ဆောက်ပေးခဲ့သော ဟော့ကိုင်းဒိုးတက္ကသိုလ်တို့က ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။
အမေရိကန်ဒေါ်လာ ၁၅ သန်း ကုန်ကျထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးဂြိုဟ်တုကို ဂျပန်နိုင်ငံမှ ဟော့ကိုင်းဒိုး တက္ကသိုလ်က တည်ဆောက်ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် ပူးတွဲဆောင်ရွက်သည့် စီမံကိန်းလည်း ဖြစ်သည်။
စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကို စောင့်ကြည့်ရန် ဒီဇိုင်းထုတ်ကာ ကင်မရာများတပ်ဆင်ထားသည့် အဆိုပါ ဂြိုဟ်တုကို အာဏာသိမ်းစစ်တပ်က စစ်ရေးရည်ရွက်ချက်များအတွက် အသုံးချနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်ပြီးနောက် ဂျပန်နိုင်ငံက ထိုသို့ဆုံးဖြတ်ကြောင်း သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
“မြန်မာစစ်တပ်နဲ့ဆိုရင် ကျွန်တော်တို့ ဘာမှ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ ဒီဂြိုဟ်တုဟာ အဲဒီရည်ရွယ်ချက် အတွက် ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါဘူး” ဟု ဟော့ကိုင်းဒိုးတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ထိုဂြိုဟ်တုကို ဖေဖော်ဝါရီ ၂၀ တွင် လွှတ်တင်ပေးခဲ့ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) တွင်သာ ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဟော့ကိုင်ဒိုးတက္ကသိုလ်သည် ဂျပန် လေကြောင်းနှင့်အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) နှင့် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သိရသည်။
“ဘာလုပ်သင့်လဲ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ဒီဂြိုဟ်တုကို အသုံးပြုမလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး။ တကယ်လို့ ဒီစီမံကိန်းကို ရပ်လိုက်ရပြီဆိုရင် တစ်ချိန်ချိန်မှာ ပြန်စနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်” ဟု စီမံကိန်း မန်နေဂျာက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းလိုက်သည့်နောက်ပိုင်း ဟော့ကိုင်ဒိုးတက္ကသိုလ် အရာရှိများအနေဖြင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (MAEU) ပါမောက္ခချုပ် ဦးကြည်သွင်ကို ဆက်သွယ်၍ မရတော့ကြောင်းလည်း Reuters သတင်းက ဆိုသည်။
မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (MAEU) နှင့် ချုပ်ဆိုထားသော စာချုပ်တွင် ဂြိုဟ်တုကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးမပြုနိုင်ဟု ဖော်ပြထားခြင်းမရှိဟု ဟော့ကိုင်ဒိုးတက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ဆိုသော်လည်း မြန်မာအရာရှိများအနေဖြင့် လွတ်လွတ်လပ်လပ် ရယူနိုင်မည် မဟုတ်ကြောင်း အခြား တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတကာဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီလာလျက်ရှိပြီး ပြည်တွင်း၌ ဖြစ်ပွားလျက်ရှိသော စစ်ပွဲပဋိပက္ခများကို အားပေးကူညီရာ ရောက်နေကြောင်း Justice For Myanmar အဖွဲ့၏ ဒီဇင်ဘာလထုတ် အစီရင်ခံစာကို ကိုးကားလျက် Myanmar Now သတင်းရေးသားခဲ့ပြီး ဖြစ်သည်။