
“ပင်းတယမီးအိမ်ရှင်” ဟု လူသိများသည့် ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး ပုဒ်မတပ် တရားစွဲဆိုရန် ကြိုးစားနေသည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
ယမန်နေ့ (မတ် ၁၂) တွင် အစည်းအဝေးရှိသည်ဟုဆိုကာ ဒေါက်တာသန်းမင်းထွဋ်ကို တိုင်းရဲတပ်ဖွဲ့မှူးက ခေါ်ဆောင်သွားပြီးနောက် ဖမ်းဆီးခံရကြောင်းသတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်ဟု ပုသိမ်မြို့ခံ ကိုလင်းလင်းက ပြောသည်။
“ဘယ်ခေါ်သွားမှန်းမသိတဲ့ အခြေအနေရှိတယ်။ ညနေပိုင်း ၆ နာရီလောက်မှာသိရတာက တောင်ပေါ်ကို ခေါ်သွားပြီ။ ဆွေးနွေးမှုတွေ လုပ်နေတယ် ကြားတယ်။ ၇ နာရီလောက်မှာ ဆရာကြီးကို ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်မယ်ဆိုတာကို ကြားထားတယ်ပေါ့။ ဒါကလည်း သေချာသလောက် ရှိသွားပြီလို့ ထပ်သိရတယ်” ဟု ၎င်းက ပြောသည်။
ဒေါက်တာသန်းမင်းထွဋ်၏ ဇနီးဖြစ်သူကိုလည်း ယမန်နေ့ကတည်းက အဆက်အသွယ်မရတော့ ကြောင်း ကိုလင်းလင်းက ဆက်လက်ပြောကြားသည်။
ပင်းတယမီးအိမ်ရှင်ဆုကို ရရှိခဲ့သူ ဒေါက်တာ သန်းမင်းထွဋ်သည် မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး အဖြစ်မှ ၂၀၂၀ ဖေဖော်ဝါရီတွင် ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီးအဖြစ် ပြောင်းရွှေ့လာသူဖြစ်သည်။
၎င်းသည် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီကာ အာဏာသိမ်းယူလိုက်ပြီး ၅ ရက်မြောက်နေ့ကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ရန် ကြေညာခဲ့သူ ဖြစ်သည်။
ထို့နောက် ဆေးရုံရှိ လူနာများကို ရွှေ့ပြောင်းပေးကာ ပုသိမ်ပြည်သူ့ဆေးရုံကို ပိတ်၍ CDM လှုပ်ရှားမှု ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၎င်းသည် ဆေးရုံပြန်ဖွင့်ရန် ကြိုးစားသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သော်လည်း ယမန်နေ့တွင် အဖမ်းခံရသည်ဟူသော သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
“လတ်တလောကတော့ ဘာမှကို အဆက်အသွယ်မရ ဖြစ်နေတာ၊ အတိအကျတော့ မသိရဘူးဖြစ်နေတာ။ ခုက သူ့အမျိုးသမီးကိုပါ အဆက်အသွယ်မရ ဖြစ်နေတာ။ အာဏာပိုင်အဖွဲ့အစည်းဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိဘူးပေါ့ဗျာ” ဟု ဒေါက်တာသန်းမင်းထွဋ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
မတ် ၁၀ က အာဏာသိမ်း စစ်ကောင်စီ၏ တိုင်းအစည်းအဝေးတွင် ဆေးရုံပြန်ဖွင့်ရန် ဖိအားပေးခဲ့သော်လည်း ဒေါက်တာသန်းမင်းထွဋ်က လက်မခံခဲ့သောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်သည်ဟူ သော ပြောဆိုနေမှုများလည်း ရှိနေသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်သည် ဝန်ထမ်းစည်းမျဉ်းအရ လုပ်ကိုင်သူဖြစ်ပြီး ၎င်းကို ဖမ်းဆီးထားသည့်လုပ်ရပ်အား ရှုတ်ချပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း မြို့ခံ ကိုလင်းလင်းက ပြောသည်။