သတင်း

မတ် ၁၇ တွင် မဖြစ်မနေဖွင့်ရန် ပုဂ္ဂလိကဘဏ်များ ဖိအားပေးခံနေရ 

စစ်ကောင်စီ၏ ညွှန်ကြားချက်ကို အန်တုပြီး ဘဏ်များပိတ်ထားသော်လည်း လာမည့် မတ် ၁၇ တွင် ဘဏ်များ မဖြစ်မနေဖွင့်လှစ်ရန် ဗဟိုဘဏ်က ဖိအားပေးနေကြောင်း ဘဏ်လုပ်ငန်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

မတ် ၈ တွင် ဘဏ်များပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက ခန့်အပ်သည့် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့က ပထမအကြိမ် ဖိအားပေးခဲသော်လည်း ထိုရက်တွင် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခဲ့ခြင်း မရှိပေ။ 

ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်တာဝန်ရှိသူများက ပုဂ္ဂလိကဘဏ်များအပေါ် ဆက်တိုက်ဖိအားပေးမှု များရှိနေပြီး လာမည့် မတ် ၁၇ ရက်တွင် ဘဏ်များမဖြစ်မနေဖွင့်လှစ်ရန် ပြင်းပြင်းထန်ထန်သတိပေး ထားသည်ဟု ပုဂ္ဂလိကဘဏ်ကြီးတစ်ခု အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

ဗဟိုဘဏ်က ထိုသို့ဖိအားပေးမှုများနှင့် ပတ်သက်၍ ဘဏ်တွင်ငွေသား လက်ကျန်များများစား မရှိသည် ကို ပုဂ္ဂလိကဘဏ်များက အကြောင်းပြထားပြီး ဗဟိုဘဏ်တွင် အပ်နှံထားသော ငွေများပြန်ထုတ်ပေးရန် တောင်းဆိုခဲ့ရာတွင် ကျပ်သိန်းထောင်ဂဏန်းသာ ထုတ်ပေးနိုင်ကြောင်း အဆိုပါအရာရှိကြီးက ပြောသည်။

ဘဏ်များဖွင့်လှစ်ပါက အပ်ငွေများအလုံးအရင်ဖြင့် ထုတ်ယူမည့်အခြေအနေပေါ်   ပုဂ္ဂလိကဘဏ်များ အနေဖြင့် စိုးရိမ်မှုများရှိနေပြီး လက်ရှိတွင် ပုဂ္ဂလိဘဏ်များအပြင် ဗဟိုဘဏ်တွင်လည်း ငွေသားအကျပ်အတည်းဖြစ်နေသည်ဟု အမည်မဖော်လိုသူ ထိုအရာရှိကြီးက ဆိုသည်။ 

ပုဂ္ဂလိကဘဏ်များအအနေဖြင့် မဖြစ်မနေအမြန်ဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိပါက ၎င်းဘဏ်များရှိ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ ငွေလွှဲပြောင်းထုတ်ပေး နိုင်ရေး ဆောင်ရွက်ရန် စစ်ကောင်စီက မတ် ၉ ရက်စွဲဖြင့် ဗဟိုဘဏ်သို့ ပေးပို့ထားသည့် စာတစ်စောင် လည်း ယနေ့ ညနေပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသည်။

ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခြင်း မရှိပါက နောင်ဖြစ်​ပေါ်လာမည့်အ​ခြေအ​နေများကို ​တာဝန်ယူမည် မဟုတ်ကြောင်းလည်း စစ်အာဏာသိမ်း​ကောင်စီက ဖိအားပေး ခြိမ်း​ခြောက်​​ထားသည်။

စစ်ကောင်စီကို ဆန့်ကျင်လျက် ဘဏ်များပိတ်ထားခဲ့သော်လည်း လတ်တလော ဆက်တိုက်ဖိအားပေးမှု များကြောင့် ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်က ပြန်ဖွင့်ရန်တာစူနေပြီး ရှိမဖြစ်လိုအပ် သော ဘဏ်ဝန်ဆောင်မှုများပေးရန် ဘဏ်ခွဲများဖွင့်လှစ်မည်ဟု မတ် ၁၁ ရက်စွဲဖြင့် အသိပေးစာ ထုတ်ပြန်ထားသည်။

အဆိုပါသိပေးစာမှာ Facebook လူမှုကွန်ရက်တွင်ပြန့်နှံနေပြီး ယင်းစာမှာ မှန်ကန်ကြောင်း ကမ္ဘောဇဘဏ်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် ဘဏ်ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။

“ဝန်ထမ်းတွေသုံးတဲ့ Facebook မှာတင်လိုက်တာ သူတို့က။ တစ်ယောက်ချင်းစီပို့တာ မဟုတ်ဘူး။ အကုန်ကန့်ကွက်နေကြတယ်” ဟု ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ဝန်ထမ်းများဘေးကင်းလုံခြုံရေး အဓိကထားရန်၊ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလတွင် ဝန်ဆောင်မှုပေးသကဲ့သို့ အလှည့်ကျဝန်ဆောင်မှုပေးရန်၊ ATM ငွေဖြည့်သွင်းခြင်း၊ အပ်ငွေနှင့် လစာပေးချေခြင်းနှင့် ဒစ်ဂျစ်တယ် ငွေပေးချေ ဝန်ဆောင်မှုများကို အဓိကထားဆောင်ရွက်ရန် ကမ္ဘောဇဘဏ်က ညွှန်ကြားထားသည်။

ထိုဆောင်ရွက်ချက်များကို Project Team တစ်ခုအနေဖြင့် အကောင်အထည်ဖော်စီမံခန့်ခွဲမည်ဖြစ်ပြီး ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ရန် မကြာမီဆက်သွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ်များပိတ်ထားခြင်းကြောင့် ငွေသားစီးဆင်းမှုရပ်တန့်နေပြီး ကုန်သွယ်မှုများနှောင့်နှေးကြန့်ကြာသဖြင့် မြို့ကြီးများ၊ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့်ဘဏ်ခွဲများ အမြန်ဆုံးပြန်ဖွင့်ရန် စစ်ကောင်စီက လုံးပန်းနေခြင်းဖြစ်သည်။ 

လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်၊ တပ်မတော်ပိုင်မြဝတီဘဏ်၊ အင်းဝဘဏ်များသာ ဖွင့်လှစ်လျက်ရှိနေပြီး ပုဂ္ဂလိကဘဏ်အများအပြားအနက် ကမ္ဘောဇဘဏ်က ပြန်လည်ဖွင့်လှစ်ရန် လေသံပစ်လာခြင်းဖြစ်ကာ အခြားဘဏ်များအနေဖြင့် မည်သို့ဆောင်ရွက်မည်ကို ထုတ်ပြန်ခြင်း မရှိသေးချေ။

စစ်တပ်အာဏာသိမ်းမှု တစ်လခွဲနီးပါးကြာမြင့်လာချိန်တွင် ဘဏ်များပိတ်ပင်ထားခြင်းကြောင့် ဈေးကွက်အတွင်း ငွေသားစီးဆင်းမှုရပ်ဆိုင်းသွားပြီး LC နှင့် TT ဖွင့်မရသဖြင့် ပြည်ပကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများလည်း ကမောက်ကမ ဖြစ်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီ၏ အင်တာနက်ကန့်သတ်ပိတ်ပင်မှုများကြောင့် အလိုလျောက်ငွေထုတ်စက်များနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုများလည်း မချော့မမွေ့ဖြစ်ခဲ့ကြောင်း ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ထားချိန်တွင် ငွေအပ်နှံသူများက ငွေထုတ်ယူကြ သဖြင့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် အစရှိသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များ သည် ဗဟိုဘဏ်မှ ငွေအများအပြား ထုတ်ယူခဲ့ကြကြောင်း CDM တွင်းပူးပေါင်းပါဝင်သည့် ဗဟိုဘဏ်ဝန် ထမ်းတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။

အာဏာစတင်သိမ်းချိန်က ဘဏ်များအပေါ်ယုံကြည်မှုနည်းစေသည့် ကောလာဟလ သတင်းများထွက် ပေါ်ခဲ့ပြီး စိုးရိမ်ကြောင့်ကြမှုများကြောင့် ငွေသားကို လက်ဝယ်ကိုင်ဆောင်ထားလိုသူများက ဘဏ်အပ်နှံ ငွေများအပြားကို ထုတ်ယူခဲ့ကြခြင်းဖြစ်သည်ဟု ဘဏ်အသိုင်းဝိုင်းက ဆိုသည်။

ဘဏ်များသည် အများပြည်သူ၏ စုဆောင်းအပ်နှံငွေကို လက်ခံပြီး ငွေလိုအပ်သောစီးပွားရေး လုပ်ငန်းများကို တစ်ဆင့် ငွေပြန်လည်ချေးကြသောကြောင့် အပ်နှံငွေမှာ ဘဏ်ထဲတွင် ရာနှုန်းပြည့်မရှိကြောင်း၊ အပ်ငွေထုတ်ယူမှု များပြားပါက ဘဏ်များ အကျပ်အတည်းဖြစ်နိုင်ကြောင်း ဘဏ္ဍာရေးနယ်ပယ်မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေချိန်တွင် စစ်တပ်က အာဏာ သိမ်းယူလိုက်ခြင်းကြောင့် ရက်ပိုင်းအတွင်း ဘဏ်များအပေါ် ရိုက်ခတ်မှုရှိလာသော်လည်း ရေရှည်တွင် တိုင်းပြည် တည်ငြိမ်မှု၊ စီးပွားရေးနာလန်ထမှု၊ အုပ်ချုပ်သူတို့၏ ထိန်းကျောင်းကိုင်တွယ်မှုအပေါ်မူတည်ကာ သက်ရောက်မှုပြောင်းလဲနိုင်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတစ်ခုမှာ စီးပွားရေးကျပ်တည်းတာတို့၊ တည်ငြိမ်မှုနည်းတာတို့ဆိုရင် Banking System မှာ သွားပြီးသိသာတယ်။ ဘာလို့လဲဆိုတော့ လူတွေက ချေးငွေကို အဲ့ဒီမှာချေးကြတယ်။ ဘဏ်လုပ်ငန်းတွေက ချေးငွေနဲ့အလုပ်လုပ်တယ်။ လုပ်ငန်းလည်ပတ်မှုမကောင်းရင် ချေးငွေမဆပ်နိုင်ဘူး။ ချေးငွေက ဘယ်က လာတာလဲဆိုတော့ စုငွေတွေကလာတာပေါ့။ အဲ့ဒီမှာသွားပြီးတော့ ဘဏ်ရပ်တည်မှုကို၊ တည်တံ့မှုကို ထိခိုက်နိုင်တယ်။ ဘဏ်လုပ်ငန်းဆိုတာယုံကြည်မှုနဲ့လုပ်ရတဲ့လုပ်ငန်း” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

စစ်အာဏာသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီအနေဖြင့် သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဗဟိုဘဏ်ဒါရိုက်တာ အဖွဲ့ဝင်များကို အလျင်အမြန်ဖယ်ရှားခဲ့ပြီး တပ်မတော်အစိုးရလက်ထက်နှင့် ဦးသိန်းစိန် အစိုးရလက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဦးသိန်းညိမ်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။

ဗဟိုဘဏ် ညွှန်ချုပ်နှစ်ဦးဖြစ်သည့် ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေတို့ကို ဒုတိယဥက္ကဋ္ဌများအဖြစ် ခန့်အပ်ခဲ့သည်။

အစိုးရ အခွန်ဘဏ္ဍာရလမ်းတစ်ခုဖြစ်သည့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အောင်ဘာလေထီမှာလည်း ပြည်သူများ၏ သပိတ်မှောက်မဝယ်ယူမှုကြောင့် ဖေဖော်ဝါရီ လကုန်တွင်မဖွင့်နိုင်ဘဲ မတ်လလယ်အထိ ရက်ရွှေ့ဆိုင်းထားသည်။ 

အောင်ဘာလေ ထီလက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ချီးမြှင့်ပြီး ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ရယူနေခြင်းဖြစ်သည်။ 

ဘဏ်များပိတ်ထားခြင်းကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအတွက် ငွေကြေးစီးဆင်မှု အကျပ်ရိုက်စေပြီး စစ်ကောင်စီအလိုကျ ဘဏ်များဖွင့်လှစ်လာမည်ဆိုပါက လူထုအနေဖြင့် ဘဏ်အပ်နှံငွေများပြန်လည်ထုတ်ယူရန် လူမှုကွန်ရက်တွင် ဆော်ဩမှုများရှိနေသည်။

စစ်ကောင်စီကမူ အုပ်ချုပ်ရေးယန္တရားအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ကို အဓိကအသုံးပြုခြင်း ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များပိတ်ထားခြင်းကြောင့် ပြည်သူလူထုသာ နစ်နာကြောင်း ဘဏ်များဆက်လက်ပိတ်ထားရန် ဆန္ဒပြ၊ ဖိအားပေးနေသူများကို ထိရောက်စွာ အရေးယူမည်ဖြ စ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဘဏ်များတွင် ငွေမရှိဟူသည့်သတင်းများမှာ ကောလာဟလသာဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျပ်ထရီလျံနှင့်ချီကာ ငွေသားထုတ်ပေးနိုင်ကြောင်းလည်း ၎င်းက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ 

Show More

Related Articles

Back to top button