
ချင်းပြည်နယ် ဟားခါးဆေးရုံမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူများကို ယနေ့ (မတ် ၁၂)တွင် နေ့ချင်ပြီးဖယ်ရှားပေးရန် စစ်ကောင်စီ၏ လက်နက်ကိုင်များက နှင်ထုတ်ခဲ့ကြောင်း သိရသည်။
ဟားခါးဆေးရုံဝန်ထမ်းအိမ်ရာတွင် မိသားစု ၁၀၀ ကျော်နေထိုင်လျက်ရှိပြီး ယနေ့ မွန်းလွဲ ၃ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် အကြောင်းကြားလာခြင်းဖြစ်သည်ဟု ဆေးရုံအုပ်ကြီးက ပြောသည်။
“လက်ရှိအခြေအနေက CDM ဝင်တဲ့သူတွေ ဆေးရုံက ထွက်ဆိုလို့ ကျွန်တော်တို့အကုန်လုံး ထွက်ပေး လိုက်ကြတာ။ ဝန်ထမ်းတွေရော ဘာရော အကုန်လုံး။ လူနာက ၃၀ ဝန်းကျင်လောက်ရှိတယ်။ လက်ရှိ မှာတော့ ဘယ်လိုလုပ်လို့ မရဘူး။ ကျွန်တော်တို့လည်း အကုန်လုံးထွက်ပြေးနေရပြီ။ တပ်စွဲဖို့ အရိပ် ယောင်မြင်ရတယ်။ တပ်တွေရော ရဲတွေရော အများကြီး” ဟု ဟားခါးဆေးရုံအုပ်ကြီး ဒေါက်တာ မန်ဗျတ်ကုန်းက ပြောသည်။
ဟားခါးမြို့နယ်ဆေးရုံတွင် ဝန်ထမ်းအင်အား ၃၀၀ ကျော်ရှိသည့်အနက် ဝန်ထမ်းအနည်းငယ်မှအပ အားလုံးနီးပါး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည်ဟု သိရသည်။

ဟားခါးဆေးရုံသည် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော်လည်း ဒေသအခြေအနေအရ အရေးပေါ်လူနာများအတွက် ဆေးရုံဖွင့်လှစ်ပြီး လက်ခံကုသစောင့်ရှောက်ပေးနေခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ဆိုသည်။