
မန္တလေးမြို့တွင် ယမန်နေ့က မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့ရာ ၎င်း၏ရုပ်အလောင်း ကို ပြန်လည်မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။
ယမန်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ မန္တလေးမြို့ မြောက်ပြင် ၉ လမ်းနေ မောင်လင်းထက်၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ခွင့်ရရှိရန် မန္တလေး နန်းတွင်းတပ်နှင့် တပ်ဆေးရုံအသီးသီးကို သွားရောက်စုံစမ်းသော်လည်း ၎င်းတို့လက်ဝယ် မရှိကြောင်း ငြင်းဆိုခံခဲ့ရသည်ဟု ဖခင်ဖြစ် သူ ဦးဇော်လင်းက ပြောသည်။
“ကျွန်တော်သားလေး မျက်နှာလေးကိုမြင်ချင်တယ်။ အလောင်းကိုပဲ သင်္ဂြိုဟ်ခွင့်ရချင်ပါတယ်ဗျာ” ဟု ၎င်းက ပြောသည်။
သားဖြစ်သူသေဆုံးသည်ကိ လူမှုကွန်ရက်တွင် တွေ့ရှိရသော ဗီဒီယိုနှင့်ဓာတ်ပုံများအရသာ အတည်ပြုနိုင်ခဲ့ပြီး မည်သည့်ဒဏ်ရာဖြင့် သေဆုံးရသည်ကိုလည်း ယခုတိုင်မသိရသေးကြောင်း ဦးဇော်လင်းက ပြောသည်။
မြတောင်သပိတ်စစ်ကြောင်းကို ယမန်နေ့ နံနက်ပိုင်းက ၈၉ လမ်း ကိုးလုံးတကာ ဘုရားအနီးအရောက်တွင် စစ်ကားနှင့်ရဲကား အများအပြားက လိုက်လံပစ်ခတ်ဖြိုခွင်းရာ အသက် ၁၉ နှစ်အရွယ် မောင်လင်းထက် မှာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ရတနာပုံတက္ကသိုလ် ဘူမိဗေဒဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်လင်းထက်သည် နေအိမ်မှ နံနက် ၇ နာရီခန့်တွင် သူငယ်ချင်းဖြစ်သူနှင့်အတူ မြတောင်သပိတ်စစ်ကြောင်းကို လိုက်ပါမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူကို ပြောဆိုခဲ့သည်ဟု ဆိုသည်။
“ငါ့သားရာ ဒီလောက်သေနေကြတာ မသွားပါနဲ့လားလို့ ပြောတော့ သားက အမှိုက်ပဲကောက်တာ စိတ်မပူပါ နဲ့တဲ့။ ခုကျမှသိရတာ သူက ရှေ့တန်းမှာ ဒိုင်းကာတာတဲ့လေ၊ မိဘစိတ်ချမ်းသာအောင် ပြောရှာတာ” ဟု ဖခင်ဖြစ်သူ ဦးဇော်လင်းက ဆိုသည်။
ယမန်နေ့က လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတစ်ခုတွင် မြေပြင်၌ရှိနေသည့် မောင်လင်းထက်အလောင်းဘေးတွင် ဆန္ဒပြသူဟု ယူဆရသော ပုဂ္ဂိုလ်တစ်ဦးကို ထိုင်စေလျက် ပြေးရင်းလွှားရင်း ချော်လဲကာ လျှာကိုက်မိသဖြင့် နောက်စေ့ထိ၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအကျပ် သက်သေထွက်ဆိုခိုင်းနေသည်ကို တွေ့ရသည်။
ယင်းဗီဒီယိုတွင်ပါဝင်သော အဆိုပါသက်သေထွက်ဆိုနေသည့် လူငယ်သည် မည်သူမည်ဝါဟု မသိရှိရကြောင်း၊ ဆန္ဒပြအဖွဲ့တွင်လည်း ပါဝင်သည်ကိုလည်း မတွေ့ရကြောင်း မောင်လင်းထက်၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
“လျှာနဲ့ကိုက်မိသေတယ်ဆိုတာ မဟုတ်ပါဘူး၊ လုံးဝမဖြစ်နိုင်ပါဘူး ၊ခေါင်းကိုရိုက်ခံရလို့ သေတာလို့ ပဲထင်တယ်၊ နောက်ပြီးတော့ ဗီဒီယိုထဲက အဲဒီလူကို ကျွန်တော်တို့မသိဘူး၊ ဆန္ဒပြတဲ့အထဲမှာလည်း မတွေ့ရဘူး၊ သူ့အကြောင်းလိုက်လို့မရဘူးဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
မောင်လင်းထက်နှင့်အတူ မြတောင်စစ်ကြောင်းတွင် နေ့စဉ်လိုက်ပါလေ့ရှိပြီး ယမန်နေ့က ဖြိုခွင်းခံရချိန် ၎င်းကိုယ်တိုင် လဲကျနေချိန် ခြေထောက်ရိုက်နှက်ခံရပြီး အသက်လုပြေးခဲ့ရသဖြင့် လူချင်းကွဲကွာခဲ့ကာ Facebook ဖွင့်ကြည့်ရာမှ ၎င်း၏ သူငယ်ချင်းဖြစ်သူ သေဆုံးကြောင်း သိခဲ့ရသည်ဟုလည်း ဆိုသည်။
“ကျွန်တော်လဲကျနေတဲ့အချိန် လှမ်းရိုက်လိုက်တာခြေထောက်ထိသွားတယ်။ အခု ကျွန်တော့်ခြေထောက်လည်း ထောက်လို့မရတော့ဘူး၊ အသားရောအရိုးရော ကြေသွားတယ်”ဟု မောင်လင်းထက်၏ သူငယ်ချင်းက ပြောသည်။
စစ်ကောင်စီက သပိတ်စစ်ကြောင်းများကို ထိုသို့အကြမ်းဖက် နှိမ်နင်းဖြိုခွင်းနေသော်လည်း ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကြောက်တတ်ရင်နှစ်ခါသေတယ်။ ကျွန်တော်တို့ကြောက်လို့ ရပ်တန့်လိုက်မယ်ဆိုရင် သေသွားသူတွေကို ရှက်ဖို့ကောင်းတယ်။ ဒီတိုက်ပွဲက ကျွန်တော်တို့နိုင်ကိုနိုင်မှာ၊ ဆက်လုပ်သွားမယ်” ဟု မောင်လင်းထက်၏ သူငယ်ချင်းက ပြောသည်။
လတ်တလောတွင် စစ်ကောင်စီက ရုပ်အလောင်းထုတ်မပေးသော်လည်း မောင်လင်းထက်၏ ဈာပနကို မန္တလေးမြို့မြောက်ပြင်(၉)လမ်းရှိ နေအိမ်တွင် ပြင်ဆင်ထားသည်ကို တွေ့ရသည်။
“ကျွန်တော့်သားအတွက် ဝမ်းမနည်းဘူး။ ကျွန်တော်တစ်သက်လုံး ဂုဏ်ယူနေမှာ။ ကျွန်တော်တောင်းဆိုချင်တာ ကျွန်တော့်သားအလောင်းကို သင်္ဂြိုဟ်ခွင့်ရဖို့ပါပဲ” ဟု ဖခင်ဖြစ်သူ ဦးဇော်လင်းက ပြောသည်။”
လွန်ခဲ့သည့် မတ် ၅ ရက်ကလည်း မြတောင်ကျောင်းတိုက်အနီးဖြိုခွင်းမှုတွင် သေဆုံးခဲ့ရသည့် အသက် ၂၁ နှစ်အရွယ် ကိုနိုင်မင်းကို၏ ရုပ်အလောင်းပြန်မရသဖြင့် မိသားစုက သင်္ဂြိုဟ်ခွင့်ပင်မရဘဲ ရက်လည်ဆွမ်းသွတ်ခဲ့ရသေးသည်။
မန္တလေးတွင် သေဆုံးသူ၏ ဦးခေါင်းဒဏ်ရာကို ချော်လဲ၍ရသည်ဟု သက်သေထွက်ခိုင်း